မတရားအသင်းဆက်သွယ်သည့် ပုဒ်မ ဖျက်သိမ်းရေး တိုင်းရင်းသားများ ဆန္ဒပြမည်

မတရားအသင်းဆက်သွယ်သည့် ပုဒ်မ ဖျက်သိမ်းရေး တိုင်းရင်းသားများ ဆန္ဒပြမည်
by -
မဇ္ဈိမ
မတရားအသင်းဆက်သွယ်သည့် ပုဒ်မ ၁၇/၁ ဖျက်သိမ်းရေးအတွက် တိုင်းရင်းသားများက ဦးဆောင်၍ ရန်ကုန်မြို့၌ အောက်တိုဘာ ရ ရက်နေ့တွင် ဆန့်ကျင်ဆန္ဒပြကြမည်ဟု ဦးဆောင်ပါ၀င်သူ ကချင်ပြည်နယ်မှ နန်းမူခမ်းက မဇ္ဈိမသို့ ပြောကြားသည်။

မူလက မြန်မာငြိမ်းချမ်းရေးစင်တာ MPC ၌ ပြုလုပ်ရန် စီစဉ်ထားသော်လည်း သက်ဆိုင်ရာ အာဏာပိုင် များက ခွင့်မပြုသော ကြောင့် တာမွေမြို့နယ်၊ ကျိုက္ကစံ ဟစ်တိုင်ကွင်းကို ရွေးချယ်ပြီး နံနက် ၁၀ နာရီမှ စတင်ကာ ဆန္ဒပြကြမည်ဟု ၎င်းက ဆိုသည်။

''ကျွန်မတို့က ဘယ်အဖွဲ့အစည်းမှ ကိုယ်စားမပြုဘူး။ တိုင်းရင်းသားတွေကို အဓိကခြိမ်းခြောက်နေတဲ့ ပုဒ်မ ၁၇/၁ ဖျက်သိမ်းဖို့ တိုင်းရင်းသားတွေ ကိုယ်စားပြုပြီး တောင်းဆိုတာ။ ကချင်ပြည်နယ်မှာ ဒီပုဒ်မနဲ့ ဖမ်းခံရတာ လေးဦးရှိတယ်။'' ဟု နန်းမူခမ်းက ပြောသည်။

ဖမ်းဆီးထားသည့် အလုပ်သမား၊ လယ်သမား၊ ကျောင်းသားများ၊ နိုင်ငံရေးအကျဉ်းသားများအား ရွေးကောက်ပွဲမတိုင်မည် အမြန်ဆုံးလွှတ်ပေးရန်လည်း တောင်းဆိုမည်ဟု ဦးဆောင်သူများက ပြောသည်။

ပုဒ်မ ၁၇/၁ နှင့် ပတ်သက်၍ တရားလွှတ်တော်ရှေ့နေ ဦးတင်သန်းဦးက ''၁၉၀၈ ခုနှစ် အင်္ဂလိပ် အစိုးရက မတရား အသင်းအက်ဥပဒေ ပုဒ်မ ၁၇ (၁)-(၂) ဆိုပြီး ပြဋ္ဌာန်းခဲ့တာ။ ပြည်ထောင်စုအစိုးရက တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရအောင် လုပ်နေတယ်။ အပစ်ရပ်စာချုပ်တွေ လက်မှတ်ထိုးဖို့ လုပ်နေပါ တယ်။ ပြောပြီးတော့၊ တဖက်ကနေ အဲ့ဒီငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့အဖွဲ့အစည်းနဲ့ ဆက်ဆံတဲ့သူတွေ၊ တနည်းနည်းနဲ့ စကားပြောဆိုတဲ့သူတွေကိုတော့ အဲ့ဒီပုဒ်မတွေနဲ့ တရားစွဲဆိုနေတုန်းဘဲဆိုတော့ ဘာကိုယုံကြည်ရမလဲလို့ မေးရမယ်။''ဟု ၎င်း၏ အမြင်ကို ပြောကြားသည်။

MPC ၌ ပြုလုပ်ရန် ကမာရွတ်ရဲစခန်းက ခွင့်မပြုသောကြောင့် ပြောင်းလိုက်ရသော်လည်း နံနက် ၁၀ နာရီအချိန်် MPC ရှေ့တွင် လူစုကာ ကျိုက္ကစံဟစ်တိုင်ကွင်းသို့သွားမည်ဟု ဦးဆောင်ပါဝင်သူ ကရင်ပြည်နယ်မှ နန်းမေရီက ဆိုသည်။

ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်မှ အမျိုးသမီးများက ဦးဆောင်ပြီး အရပ်ဖက်အဖွဲ့ အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ဒီမိုကရေစီအင်အားစုများက ပူးပေါင်းပါဝင်ပေးကြရန် ဖိတ်ခေါ်ထားသည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...