မြန်မာ-အီးယူ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ယနေ့စတင်

မြန်မာ-အီးယူ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ယနေ့စတင်
by -
မဇ္ဈိမ
မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂ(EU)တို့က ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်(Trade Development Programme) ကို အောက်တိုဘာ ၆ရက်နေ့တွင် တရားဝင်စတင် လိုက်ပြီဖြစ်သည်။ ယင်းအစီအစဉ်ကို အထည်ဖော်နိုင်ရန်အတွက် ဥရောပ သမဂ္ဂ(EU)နှင့် ဂျာမနီနိုင်တို့က ယူရိုငွေ ၁၀ ဒသမ၅သန်း အကူအညီပေးမည် ဖြစ်ကြောင်းလည်း ဥရောပ သမဂ္ဂ(EU)က ထိုနေ့တွင်ပင် သတင်းထုတ်ပြန်ခဲ့သည်။

“မြန်မာဟာ လမ်းဆုံလမ်းခွကိုရောက်နေပါတယ်။ မြန်မာဟာ မြန်မာပြည်သူတွေရဲ့ အကျယ်ပြန့်ဆုံး အကျိုးစီးပွားအတွက် အီးယူလို ဦးစားပေးစျေးကွက် ၀င်ခွင့်ပေးမှုနဲ့ နိုင်ငံတကာကုန်သွယ်ရေးရဲ့ အခွင့်အလမ်းတွေကို အကောင်းဆုံး အသုံးချနိုင်ရေးဟာ မရှိမဖြစ်အရေးကြီးပါတယ်။ အီးယူ-မြန်မာ ကုန်သွယ်ရေးဖွံ့ဖြိုးမှုအစီအစဉ်က ဒီပန်းတိုင်ကို ပံ့ပိုးမှာဖြစ်သလို အစားအစာရဲ့ အရည်အသွေးနဲ့ စားသုံးသူအားကာကွယ်ပေးမှုကို တိုးတက်အောင်ဆောင်ရွက်မှာဖြစ်ပါတယ်။

နောက်ပြီး အလုပ်အကိုင်တွေဖန်တီးပြီး ၀င်ငွေမြင့်မားစေမယ့် ကုန်သွယ်ရေး အခြေခံအဆောက်အဦး ကို ခေတ်မီအောင်လုပ်ဆောင်ပြီး ပို့ကုန်မြင့်တင်ရေးကိုလည်းလုပ်ဆောင်သွားမှာပါ”ဟု အီးယူ သံအမတ်ကြီး ရိုလန်ကိုဘီယာက အောက်တိုဘာ ၆ရက်နေ့က နေပြည်တော် Kempinski ဟိုတယ်တွင် သတင်းထောက်များကို ပြောသည်။

မြန်မာနိုငံနှင့်ဥရောပသမဂ္ဂ(EU)တို့သည် အောက်တိုဘာလ(၆)ရက်နေ့တွင် တရားဝင်စတင်ခဲ့သည့်   ကုန်သွယ်မှုဖွ့ံဖြိုးတိုးတက်ရေး(T.D.P)အစီစဉ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု မူဝါဒ ပြုပြင်ပြောင်းလဲ ရေး လုပ်ငန်းစဉ်များ၊ ကုန်သွယ်မှုမြှင့်တင်ရေး၊ ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရး၊ အစားအသောက် လုံခြံုစိတ်ချရမှု၊  စားသုံးသူကာကွယ်ရေး အရည်အသွေးစံချိန်စံညွှန်း ကိစ္စရပ်များကို အဓိက ပံ့ပိုးကူညီ အထောက်အကူပြုမည် ဖြစ်ကြောင်း မြန်မာ-အီးယူ ပူးတွဲ သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံကလည်း အဆိုပါအစီအစဉ်၏ လုပ်ငန်းစဉ်များကိုနိုင်ငံတကာ ကုန်သွယ်မှု အသိုင်းအဝိုင်းတွင်အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးပြည်ထောင်စု ၀န်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့ သည်။                                   

“အခုလောလောဆယ် လုပ်ကိုင်ဆောင်ရွက်နေတာက ငါးလုပ်ငန်းရယ်၊ ပြီးတဲ့အခါကျရှိရင် စိုက်ပျိုးရေး လုပ်ငန်းကထွက်တဲ့ပစ္စည်းတွေ ရယ်၊ အဝတ်အထည်လုပ်ငန်းကထွက်တဲ့ ပစ္စည်းတွေရယ် အဲ့ဒီသုံးမျိုး ကိုတင်ပို့ နေပါတယ်။ ဒါပေမယ့်EU အနေနဲ့ ဒီထက်မက ပိုပြီးတော့ ကြီးမားအောင်လုပ်ချင်တယ်။ မြန်မာနိုင်ငံအနေနဲ့ တခြား ကုန်ပစ္စည်းတွေကိုလည်း တင်ပို့နိုင်အောင် ဒီအစီအစဉ်ကနေ ဆောင်ရွက်ပေးသွားနိုင်မှာ ဖြစ်ပါတယ်”ဟု သံအမတ်ကြီးက ပြောသည်။

ယင်းလုပ်ငန်းများ တိုးတက်အောင်မြင်ပါက မြန်မာနိုင်ငံအတွက် အကောက်အခွန်များရရှိအောင် မျှော်လင့်ထားကြောင်း နှင့် အခြားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အရေးပါကြောင်း၊ စီးပွားရေး ဖွံ့ဖြိုးမှသာ အလုပ်အကိုင် အခွင့်အလမ်းလည်း ဖွံ့ဖြိုးမည်ဖြစ်ကြောင်း သံအမတ်ကြီးက ဆိုသည်။            

အီးယူ-မြန်မာ ကုန်သွယ်ရေးဖွံ့ဖြိုးမှုအစီအစဉ်ကို အောက်တိုဘာ ၆ ရက်နေ့က နေပြည်တော် Kempinski ဟိုတယ်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာဝင်းမြင့်နှင့် အီးယူသံအမတ်ကြီး ရိုလန်ကိုဘီယာတို့က အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ကုန်သွယ်မှုဖွံ့ဖြိုးရေး ဆိုင်ရာကျွမ်းကျင်သူများ၊ နိုင်ငံတကာမှသက်ဆိုင်ရာပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

TDP သည် ဂျာမာန် Gesellschaft für InternationaleZusammenarbeit(GIZ) က အကောင်အထည်ဖော်သော သုံးနှစ်ကြာ နည်းပညာအကူအညီပေးသည့် အစီအစဉ်တစ်ခု ဖြစ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဋ္ဌာနနှင့် အခြားဝန်ကြီးဋ္ဌာနများမှ အဓိက သက်ဆိုင်သူ များအပြင် ပုဂ္ဂလိကကဏ္ဍမှ ပုဂ္ဂိုလ်များနှင့်ပါ အနီးကပ်ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်သည်။

ယင်းအစီအစဉ်အရ ကနဦးအနေဖြင့် အီးယူသို့ တင်ပို့ရန် အလားအလာကောင်းသည့် ရေထွက် ပစ္စည်းနှင့် ပဲ ကဏ္ဍနှစ်ခုကို စူးစိုက်လုပ်ဆောင်သွားမည်ဖြစ်သည်။ ရေထွက်ပစ္စည်းကဏ္ဍတွင် အီးယူသို့တင်ပို့ကုန်များကို အခိုင်အမာဆောင်ရွက်ထားပြီးဖြစ်သည်။ ပဲများမှာအီးယူ၏ စည်းကမ်းများ နှင့်အညီ ကိုင်တွယ်ထုတ်ပိုးရေးက ဒုတိယဦးစားပေးဖြစ်သည်။ အစီအစဉ်က ၂၀၁၇ခုနှစ် ဒီဇင်ဘာအထိ ဆောင်ရွက်မည်ဖြစ်သည်။ ဘတ််ဂျက်အဖြစ် ယူရိုငွေ ၁၀ ဒသမ ၅သန်းကို အီးယူနှင့် ဂျာမနီတို့က ထောက်ပံ့သည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...