အန်စီအေဆုုိင်ရာ ဆွေးနွေးမှုများသည် နုုိင်ငံရေးဆွေးနွေးပွဲအတွက် လမ်းစဖြစ်သည်ဟု ၎င်းတို့ အနေဖြင့် အယုံအကြည်မရှိကြောင်း အောက်တိုဘာ ၄ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။
တုုိင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အများစုက အန်စီအေကုုိ လက်မှတ်ရေးထုုိးခြင်းမရှိဘဲ ရ ဖွဲ့သာ လက်မှတ်ရေးထိုးသဖြင့် ကရင်လူထုုအတွက် တစ်နိုင်ငံလုံုး အပစ်အခတ်ရပ်စဲရေးဟုု ခေါ်ဆုုိ၍ မရကြောင်း သြစတေးလျနုုိင်ငံ ကရင်အဖွဲ့အစည်းမှ ဒုတိယ ဥက္ကဋ္ဌလည်းဖြစ်၊ နုုိင်ငံတကာ ကရင်အဖွဲ့အစည်းများမှ ပြောရေးဆုုိခွင့်ရှိသူ မန်းအောင်လဲ(န်)ဒိုက မဇ္ဈိမသို့ ပြောသည်။
“တိုင်းရင်းသားတွေ ညီလာခံမှာ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြတယ်။ အခုက ရ ဖွဲ့သာ ခွဲပြီး သွားထိုးမယ်။ ကျန်တဲ့အဖွဲ့တွေ မထိုးသေးဘူး ပြောနေတဲ့အပေါ်မှာ ပထမက အဆင်သင့် မဖြစ်သေးတဲ့ အဖွဲ့တွေက မထိုးသေးရင် နေပါစေ၊ အဆင်သင့်ဖြစ်တဲ့ အခါကြရင် ကျန်တဲ့အဖွဲ့တွေ ထုုိးတယ်။ နုုိင်ငံရေးဆွေးနွေးပွဲမှာကြတော့ အားလုံး ပါဝင်မယ်လို့ ဦးအောင်မင်း ကိုယ်တိုင်ပြောခဲ့ တယ်။ ဒါပေမဲ့ အခုလက်မှတ်မထုုိးသေးတဲ့ အဖွဲ့တွေက နိုင်ငံရေးဆွေးနွေးတဲ့အခါမှာ လေ့လာသူ အဖြစ်ပဲ တက်ရမယ် ဆုုိတဲ့ဟာမျိုးက အခုုတမျိုး၊ နောက်တမျိုး အမျိုးမျိုးပြောနေခြင်းဟာ ယုံုကြည် စရာလုံုးဝမဖြစ်ဘူး။ သံသယ အများကြီးရှိလာတယ်”ဟုု ၎င်းက ပြောသည်။
ထို့အပြင် တိုက်ပွဲများ လျော့နည်းသွားခြင်းမရှိဘဲ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် တိုက်ပွဲများ ပိုမိုပြင်းလာခြင်းက လည်း အစိုးရ၏ အပစ်အခတ် ရပ်စဲရေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် စိတ်စေတနာ မှန်ကန်ရဲ့လားဟု မေးခွန်းထုတ်စရာ ဖြစ်နေ သည်ဟု ဆိုသည်။
“အစိုးရက ပြီးခဲ့တဲ့ မြန်မာအစိုးရ ခေတ်အဆက်ဆက်က ကျင့်သုံးခဲ့တဲ့ မီးစတဖက် ရေမှုတ်တဖက်ဆိုတဲ့ အဲဒီစနစ်ကိုပဲ ဆက်လက် သုံးနေတယ်လို့ ကျနော်တို့မြင်တယ်”ဟု သူက ဆက်ပြောသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတို့ ပူးပေါင်းရေးသားမှုဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီစာချုပ်သည် ပြည့်စုံမှုမရှိခဲ့သော်လည်း တည်တံ့ခိုင်မြဲသော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမှ နိုင်ငံရေးဆွေးနွေးပွဲအဆင့်သို့ ဦးတည်ခေါ်ဆောင်သွားနိုင်မည် ဟု မျှော်လင့်ခဲ့သော်လည်း လက်တွေ့အခြေအနေတွင် အကောင်အထည်ဖော်နိုင်ခြင်း မရှိသေး သည်ကို တွေ့ရကြောင်း ကရင်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အစိုုးရနှင့် တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်းများ ယုံုကြည်မှု တည်ဆောက်နိုင်ခြင်း၊ အားလုံုး ပါဝင် လက်မှတ်ရေးထိုးနုုိင်မှုမရှိခြင်းနှင့် ကချင်နှင့် ရှမ်းပြည်နယ်အတွင်း မြန်မာအစိုုးရ စစ်တပ်၏ ထိုးစစ်ဆင်မှုများနှင့် အင်အားတုုိးမြှင့် လှုပ်ရှားလာမှုများ မရပ်တန့်နိုင်သေးသည်ကိုလည်း ဝေဖန်ထောက်ပြထားသည်။
ထုုိ့အပြင် စက်တင်ဘာလ ၂၈ ရက်မှ ၃၀ ရက်များတွင် ပြုလုပ်ခဲ့သော တုုိင်းရင်းသား ထိပ်သီးအစည်း အဝေးအပြီး ရလဒ်ကုုိ ကရင် အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ အပါအဝင် ခေါင်းဆောင်အချို့က (KNU) ဗဟုုိကော်မတီအပြင် (KNLA) စစ်ဌာနချုပ်သုုိ့ ချပြ၍ အများသဘောထားရယူရမည် ဖြစ်သော်လည်း ထုုိသုုိ့ လုုပ်ဆောင်ခြင်း မရှိဘဲ ရန်ကုုန်မြို့သုုိ့ သွားရောက်ခဲ့မှုအပေါ် ယုံုကြည်မှု လျော့နည်းလာသည်ဟု မန်းအောင်လဲ(န်)ဒိုက ပြောသည်။
“ဒီခေါင်းဆောင်တွေရဲ့ လုပ်ပုံကိုင်ပုံတွေနဲ့ ပတ်သက်လို့ စိတ်ဆင်းရဲရတယ်။ ကျနော်တို့ ကရင်လူထုုတွေရဲ့ မျှော်မှန်းချက် ပန်းတိုင်ကို ကျနော်တို့ ဆွဲခေါ်သွားနိုင်မယ့် အလားအလာရှိတဲ့ ခေါင်းဆောင်ဖြစ်မှ ဖြစ်ပါ့မလားဆိုတဲ့ သံသယ ဖြစ်နေလို့ ဒီထုုတ်ပြန်ချက်ကို ထုုတ်ပြန်ရတာ ဖြစ်ပါတယ်”ဟုု သူက ဆက်လက် ပြောဆိုသည်။
၎င်းတို့လုပ်ဆောင်မှုသည် ကေအန်ယူနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ချမှတ်ထားသည့် တရားဝင် လုုပ်ထုံုးလုုပ်နည်းများနှင့် ကိုက်ညီမှုမရှိသဖြင့် စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း၊ KNU ခေါင်းဆောင်များအနေဖြင့် အလောတကြီး လုုပ်ဆောင်ခြင်း မပြုဘဲ မိမိကရင်လူထုု၏ သဘောထားများ ရယူ၍ တဆင့်ချင်း လုုပ်ဆောင်ရန်နှင့် ယခုတကြိမ် အပစ်အခတ် ရပ်စဲရေးသည် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား ပြဿနာကုုိ အစုုိးရ အဆက်ဆက်နှင့် ညှိနှိုင်းဆွေးနွေး၍ အဖြေရှင်သင့်သည်ဟုု သူက ဆက်လက် ပြောဆုုိသည်။
NCA လက်မှတ်ရေးထုုိးရန် အစိုုးရနှင့် KNU အပါအဝင် ကရင်ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA)၊ ဒီမုုိကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ မြန်မာနုုိင်ငံလုံုး ဆုုိင်ရာကျောင်းသားများ ဒီမုုိကရက် တစ်တပ်ဦး (ABSDF)၊ ပအုုိဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့(PNLO)၊ ရခုုိင်လွတ်မြောက် ရေး ပါတီ(ALP)တို့ ရ ဖွဲ့မှ ကိုယ်စားလှယ်များ အောက်တုုိဘာလ ၄ ရက်က ရန်ကုုန်မြို့တွင် တွေ့ဆုံုဆွေးနွေးခဲ့ပြီး လာမည့် အောက်တိုဘာလ ၁၅ ရက်တွင် လက်မှတ်ရေးထုုိးရန် သဘောတူခဲ့ကြသည်။







