ဘာသာခြားများနှင့် ပတ်သက်၍ အစွန်းမရောက်ကြရန် သီတဂူဆရာတော်ကြီး တိုက်တွန်း

ဘာသာခြားများနှင့် ပတ်သက်၍ အစွန်းမရောက်ကြရန် သီတဂူဆရာတော်ကြီး တိုက်တွန်း
by -
မဇ္ဈိမ
အမျိုးစောင့်ဥပဒေပေါ်ပေါက်လာခြင်းအထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲတွင် ရန်ကုန်မြို့ရှိ အစိုးရပိုင် သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံ-၁တွင် အောက်တိုဘာ ၄ရက်နေ့က ပြုလုပ်ခဲ့သည့် အခမ်းအနား တွင် သီတဂူဆရာတော်ကြီးက တက်ရောက် အမှာစကားပြောခဲ့ပြီး ဘာသာမတူသူများအချင်းချင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်သွားရန်နှင့် အစွန်းမရောက်ကြရန် တိုက်တွန်းမိန့်ကြားခဲ့သည်။

“ဆူပူသောင်းကျန်းခြင်းကို ကျော်ဖြတ်၍ ငြိမ်းချမ်းစွာ အတူနေထိုင်သွားကြပါစို့။ ကြီးကျယ်မြင့်မြတ် သော သည်းခံခြင်းတရားကို လက်ကိုင်ထား၍ မည်သည့်ဘာသာ အဖွဲ့အစည်းနဲ့မဆို ငြိမ်းချမ်းစွာ နေထိုင်သွားကြပါစို့ ငြိမ်းချမ်းစွာ လက်တွဲနေထိုင်ရေးကို ဒီနေရာကနေပြောလိုပါတယ်”ဟု သီတဂူ ဆရာတော်က မိန့်ကြားသည်။

သာသာမတူသူများနှင့် ငြိမ်းချမ်းစွာလက်တွဲနေထိုင်သွားမည်ဖြစ်ကြောင်းနှင့် အချင်းချင်း အပြန်အလှန် နားလည်မှု တည်ဆောက်ကြရန်၊ ဘာသာရေး အဖွဲ့အစည်းအချင်းချင်း လေးလေးစားစား တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ရိုသေလေးစားစွာ ဆက်ဆံသွားကြရန်၊ ဘာသာရေး အဖွဲ့အစည်းတစ်ခုက အခြားဘာသာရေးအဖွဲ့ရဲ့ အတွင်းကို စွက်ဖက်ဝင်ရောက်ခြင်းမပြုဘဲ ငြိမ်းချမ်းစွာ နေထိုင်သွားကြရန် စသည့် အချက်၅ခုကို ဆရာတော်မှ မိန့်ကြားခဲ့သည်။

သံဃာတော်များအနေဖြင့် နိုင်ငံရေးလုပ်ဆောင်သကဲ့သို့ အမေးမြန်းခံရခြင်းမှာ နယ်ကျွံ လုပ်ဆောင်ချက်များကြောင့် ဖြစ်ကြောင်းကိုလည်း ဆရာတော်က မိန့်သည်။

“ဒီလို အမျိုးဘာသာသာသနာစောင့်ရှောက်ရေးလုပ်ကြတော့ သံဃာတေ်ာမြတ်တွေက နိုင်ငံရေး လုပ်သလားလို့ မေးလာကြတယ်။ အချို့သံဃာတော် အရှင်သူမြတ်တွေကလည်း နယ်ကျွံတယ်နဲ့ တူပါတယ်၊ ကိုယ့်နယ်ထဲကိုယ်မနေဘဲနဲ့ သူတစ်ပါးနယ်ထဲ ရောက် ကုန်ကြတယ်။ အဲ့ဒီတော့ မေးမြန်းခြင်း ခံရတယ်၊ အပြစ်တင်လည်းခံရတယ်။ အဲ့ဒီ့တော့ နယ်မကျွံကြဖို့ တပည့်တော်က ပြောချင်ပါ တယ်။”ဟု ဆက်လက်မိန့်ခဲ့သည်။

အမျိုးစောင့်ဥပဒေပေါ်ပေါက်လာခြင်းအထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲတွင် မဘသအဖွဲ့က အချက်၁၁ချက်ပါဝင်သော ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် မဘသအနေဖြင့် တိုင်းပြည်ငြိမ်းချမ်းရေးအတွက် မည်သည့် ဘာသာ၊ ပါတီ၊ လူမျိုးနှင့်မဆို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းဆိုထားသည်။ ယင်းအပြင် ပြည်သူများ အနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် ကိုယ့်မြို့ရွာ၊ ကိုယ့်ဘာသာကို စောင့်ရှောက်မည့် ကိုယ်စားလှယ် များကိုသာ မဲပေးရန်၊ အမျိူးစောင့်ဥပဒေများကို အစိုးရအဆက်ဆက် ကာကွယ်စောင့်ရှောက်ရန်၊ တရားမဝင် ဝင်ရောက်နေထိုင်သော နိုင်ငံသားမဟုတ်သူများကို ၁၉၈၂ခု မြန်မာနိုင်ငံသားဖြစ်ခွင့် ဥပဒေအတိုင်း ဆောင်ရွက်ပေးရန် စသည်တို့ကိုလည်း ထည့်သွင်း တိုက်တွန်းထားသည်။

ယင်းအပြင် မဘသ၏ လိုဂိုအမှတ်တံဆိပ်ကို အသုံးပြုကာ နိုင်ငံရေးလှုံ့ဆော်နေမှုများကို ရပ်တန်းက ရပ်ရန် နှင့် ဓမ္မစက်နှင့် တားမရပါက အာဏာစက်ကို ပို့ရမည်ဟု မဘသဆရာတော်တစ်ပါးဖြစ်သော ဒေါက်တာ အရှင်ဓမ္မပီယက မိန့်ကြားခဲ့သည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...