အောက်တိုဘာ ၁၅ရက်တွင် လက်နက်ကိုင် ရဖွဲ့က အစိုးရနှင့် အပစ်ရပ်လက်မှတ်ထိုးမည်

အောက်တိုဘာ ၁၅ရက်တွင် လက်နက်ကိုင် ရဖွဲ့က အစိုးရနှင့် အပစ်ရပ်လက်မှတ်ထိုးမည်
by -
မဇ္ဈိမ
၂၀၁၅ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် လက်နက်ကိုင်အဖွဲ့ ရဖွဲ့က အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး စာချုပ်ကို နေပြည်တော်တွင် လက်မှတ်ရေးထိုးကြမည်ဟု အောက်တိုဘာ ၄ရက်နေ့၊ မြန်မာ့ငြိမ်းချမ်း ရေး၊ ပြန်လည်ထူထောင် ရေးဗဟိုဌာန MPC တွင်ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ဆုံးဖြတ်ခဲ့သည်။

KNU ကရင်အမျိုးသားအစည်းအရုံး၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA, ကရင်အမျိုးသား အစည်းအရုံး ငြိမ်းချမ်းရေးကောင်စီ KNU/KNLA(PC), မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF, ALP ရခိုင်လွတ်မြောက်ရေးပါတီ, CNF ချင်းအမျိုးသားတပ်ဦး, PNLO ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ တို့က အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးကြမည်။

“ဒီနေ့က ကျွန်တော်တို့ ချင်းမိုင်က ထုတ်ပြန်ထားတဲ့အတိုင်း လက်မှတ်ထိုးမယ့်ရက်ကို အဖွဲ့ ရဖွဲ့က ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီနဲ့ ရက်ကိုဆုံးဖြတ်ခဲ့တာပါ။ လာမယ့် ၁၀ရက်နေ့ကျမှ ပွဲကျင်းပရေး အတွက် အသေးစိတ် အစည်းအဝေးကို ဆက်လုပ်မယ်”ဟု ABSDF မြန်မာနိုင်ငံကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဝင်းက ဆိုသည်။

လက်မှတ်ရေးထိုးပွဲကို နေပြည်တော်ရှိ မြန်မအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ(၂)တွင် အောက်တိုဘာ ၁၅ရက်နေ့၊ နံနက်ပိုင်းတွင်ပြုလုပ်မည်ဖြစ်ပြီး၊ အသိသက်သေများအဖြစ် နှစ်ဖက်သဘောတူထားသည့် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ တရုတ်၊ ထိုင်း၊ အိန္ဒိယ နှင့် ဂျပန်နိုင်ငံများကို ဖိတ်ကြားသွားမည်။

ပြည်တွင်းမှ အသိသက်သေများအဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး၊ ဦးမင်းကိုနိုင် အပါအဝင် ၈၈ငြိမ်း/ပွင့်မှ ၃ဦး၊ အပြင် တစ်ခြားပြည်တွင်းအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများကို ဖိတ်ခေါ်သွားကာ အစိုးရအဖွဲ့ ခေါင်းဆောင်များဖြစ်သည့် သမ္မတ၊ ဒုသမ္မတများ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ဒု-ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်နာယကများက လက်မှတ်ရေးထိုးကြမည်ဟု အစိုးရနှင့် တိုင်းရင်းသားအဖွဲ့တို့ အောက်တိုဘာ ၄ရက်တွင် သဘောတူညီခဲ့သည် MPC မှ ဦးလှမောင်ရွှေက ဆိုသည်။

တိုင်းရင်းသားများဖက်မှလည်း လက်မှတ်မရေးထိုးနိုင်သေးသည့် လက်နက်ကိုင်အဖွဲ့အားလုံးကို အခမ်းအနား တက်ရောက်ရန် ဖိတ်ကြားမည်ဟု အောက်တိုဘာ ၄ရက်အစည်းအဝေးက အတည်ပြုထားသည်။

အခမ်းအနားကျင်းပရေးအတွက်လည်း လက်မှတ်ရေးထိုးမည့် အဖွဲ့များမှ ၁၀ ဦးကျစီပါ၀င်သည့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရေးပွဲကျင်းပရေး ပူးတွဲကော်မတီဖွဲ့စည်း ဆောင်ရွက်ရန်လည်း သဘောတူခဲ့သည်။

စက်တင်ဘာလ ၄ရက် MPC တွင်ပြုလုပ်သည့် အပစ်ရပ်လက်မှတ်ထိုးမည့်ရက် ဆုံးဖြတ်ရေး အစည်းအဝေးသို့ လက်မှတ်ရေးထိုးမည့် အဖွဲ့ ရဖွဲ့အပြင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးတပ်မတော် RCSS/SSA ကလည်း လက်မှတ်ရေးထိုးပွဲကျင်းပရေး ကော်မတီတွင် ပါ၀င်နိုင်ရေးအတွက် အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

RCSS/SSA က အစည်းအဝေးသို့တက်ရောက်သော်လည်း အပစ်ရပ်စာချုပ် လက်မှတ်ထိုးမထိုး ဗဟိုကော်မတီဆုံးဖြတ်ချက်ကို ယင်းပွဲ မကျင်းပမီ ၃ရက်အတွင်းမှသာ သိရှိရမည်ဟု MPC အကြံပေး ဦးလှမောင်ရွှေက ပြောသည်။

“RCSS/SSA က ဒီနေ့အစည်းအဝေးတက်တာက လက်မှတ်ထိုးမယ်မထိုးဘူးဆိုတာကို သူတို့ ကိုယ်တိုင်ပဲ ဆုံးဖြတ်မှာ အခုက အဲဒီနေ့မှာထိုးမယ့်ဆိုတဲ့ အဖွဲ့ ရဖွဲ့ကတော့အစိုးရကို တရားဝင် စာပို့ထားတဲ့အဖွဲ့တွေပဲ”ဟု ၎င်းက ပြောသည်။

ပထမဦးဆုံး အပစ်ရပ်စာချုပ်ကို လက်မှတ်ထိုးသည့်အဖွဲ့များအပြင် ကျန်ရှိနေသည့် အဖွဲ့များ နောက်ဆက်တွဲ ထပ်မံလက်မှတ်ထိုးနိုင်ရေးကို တိုင်းရင်းသားညီလာခံတစ်ရပ် ထပ်မံကျင်းပကာ လက်မှတ်ရေးထိုးအပြီး ဖြစ်ပေါ်တိုးတက်လာမှု ရှိသည့်အခြေအနေများဖြင့် အခြေခံကာ ဆောင်ရွက်သွားမည်ဟုလည်း ABSDF ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဝင်းက မဇ္စျိမသို့ ပြောသည်။

ယင်းညီလာခံပြုလုပ်ရမည့် အချိန်ကိုမူ တိတိကျကျဆုံးဖြတ်ထားခြင်းမရှိသေးပေ။ လက်မှတ်ရေး ထိုးမည့် အဖွဲ့များကို လက်မှတ်ရေးထိုးပွဲမကျင်းပမီ ၂ရက်မှ ၃ရက်အတွင်း မတရားအသင်းအဖြစ် သတ်မှတ်ထားသည်မှ ပယ်ပျက်မည်ဟုလည်း အောက်တိုဘာ ၄ ရက်နေ့ အစည်းအဝေးတွင် သဘောတူထားသည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...