နိုင်ငံရေး၊ ဘာသာရေးကိစ္စများကြောင့် ရွေးကောက်ပွဲကို ထိခိုက်မခံနိုင်ဟု နေပြည်တော် နယ်လုံဝန်ကြီးပြော

နိုင်ငံရေး၊ ဘာသာရေးကိစ္စများကြောင့် ရွေးကောက်ပွဲကို ထိခိုက်မခံနိုင်ဟု နေပြည်တော် နယ်လုံဝန်ကြီးပြော
by -
မဇ္ဈိမ
နိုင်ငံရေး၊ ဘာသာရေး အပါအဝင် မည်သည့်အကြောင်းနှင့်မျှ ရွေးကောက်ပွဲကို အထိအခိုက် မခံနိုင်ကြောင်း နှင့် ပြဿနာများ မဖြစ်ပွားအောင် ရွေကောက်ပွဲတည်ငြိမ်းအေးချမ်းစွာ ကျင်းပနိုင်ရေးကော်မတီဝင် အားလုံးက ဝိုင်းဝန်းထိမ်းသိန်းကြရန် နေပြည်တော်ကောင်စီနယ်မြေ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးမင်းနောင်က ပြောကြားသည်။

“ဘယ်ဟာပဲဖြစ်ဖြစ် ပြဿနာတစ်ခုရဲ့ အစဟာ မီးစလေးတွေလိုပဲ အဲ့ဒီမီးစလေးတွေက စပြီး မီးမတောက်နိုင်အောင်၊ မီးစလေးစပြီဆိုတာနဲ့ အရင်ဆုံး ကြိုတင်လက်ဦးမှုယူပြီးတော့မှ ဖြေရှင်း ထိန်းသိမ်းနိုင်ဖို့ ဒါကို သက်ဆိုင်ရာကော်မတီဝင်တွေက အလေးအနက်ထား ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီး မင်းနောင်က နေပြည်တော်ကောင်စီနယ်မြေအတွင်း ရွေးကောက်ပွဲဆိုင်ရာ လုံခြံုရေးဆောင်ရွက်ထားမှု အခြေအနေ ရှင်းလင်းပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အခမ်းအနားသို့ နေပြည်တော်ကောင်စီနယ်မြေ ရွေးကောက်ပွဲ တည်ငြိမ်အေးချမ်းစွာ ကျင်းပနိုင်ရေး ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ရွေးကောက်ပွဲမတိုင်ကာလ၊ ရွေကောက်ပွဲနေ့၊ ရွေးကောက်ပွဲအလွန် ကာလ လုံခြံုရေးဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ အဆိုပါကော်မတီကို အစိုးရဌာန (၂၀)ခုဖြင့် ဖွဲ့စည်းထားကြောင်းသိရ သည်။                       

ရွေကောက်ပွဲကာလအတွင်း ပြည်သူများသာမက ဝန်ထမ်းများပါ မိမိတာဝန်များကို စိတ်အေးချမ်းစွာ ထမ်းဆောင်နိုင်ဖို့ လိုကြောင်းနှင့် ယင်းရွေးကောက်ပွဲကာလအတွင်း သတင်းများသည် အချိန်နှင့်အမျှ တန်ဖိုးရှိနေကြောင်းနှင့် ထူးခြားမှု သတင်းများကို ကော်မတီဝင်များက လျင်မြန်စွာ ပေးပို့ရန်လည်း ကော်မတီဝင်များကို လုံခြံုရေး နှင့် နယ်စပ်ရေးရာဝန်ကြီးက မေတ္တာရပ်ခံခဲ့သည်။               

“တက်ရောက်လာတဲ့ ကော်မတီဝင်များက ဘာပဲကြားကြား ကျွန်တော်တို့ဆီကို ဆက်သွယ်ပြီးတော့ ပြောပေးစေချင်ပါတယ်။ ကိုယ် ကိုယ်တိုင်မပြောဘူးဆိုလို့ရှိရင်တောင် ကိုယ့်ရဲ့ တပည့်တွေ၊ ကိုယ့်ရဲ့ဘေးနားက လုပ်ဖော်ကိုင်ဖက် ဒါကို ကိုယ့်ရဲ့ ရုံးကတဆင့် ကျွန်တော်တို့ဆီကို ဆက်သွယ်ပြီးတော့ ပြောပေးစေချင်ပါတယ်”ဟု နယ်လုံဝန်ကြီးက ပြောသည်။

နေပြည်တော်ရဲတပ်ဖွဲ့မှ နေပြည်တော်ကောင်စီနယ်မြေတွင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး ၂၅၅ရုံး၊ မဲရုံပေါင်း (၆၁၄)ရုံ နှင့် ကိုယ်စားလှယ်လောင်းများ၏ လုံခြံုရေးကိစ္စများအပါအဝင် ရွေးကောက်ပွဲ အကြိုကာလ၊ မဲဆွယ်စည်းရုံးရေးကာလ၊ ရွေးကောက်ပွဲ ကာလ၊ ရွေးကောက်ပွဲအလွန် ကာလများ အတွက် လုံခြံုရေးဆိုင်ရာအစီအမံများကို နေပြည်တော်တိုင်းရဲတပ်ဖွဲ့ ဒုတိယ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်က ရှင်းလင်းခဲ့သည်။

နေပြည်တော်ကောင်စီနယ်မြေတွင် လူဦးရေ ၁၁ သိန်း ၆ သောင်းကျော်၊ ရဲတပ်ဖွဲ့ဝင် ၁၄၀၀ နီးပါးရှိသည့်အတွက် ပြည်သူ ၈၃၂ ဦးမှာ ရဲတပ်ဖွဲ့ဝင် ၁ ဦးနှုန်းဖြင့် လုံခြံုရေးယူနေရသည့် သဘောရှိသည်။

ယင်းအပြင် နေပြည်တော်တွင် မဲပေးနိုင်သူ ၆ သိန်း ရ သောင်း ၈ ထောင်ကျော်အတွက် မဲရုံ ၆၁၄ ရုံထားရှိမည်ဖြစ်ပြီး မဲရုံတရုံတွင် အထူးရဲ တဦးနှုန်းဖြင့် ဦးရေ ၆၁၄ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၀၀၀ ကျော်ကိုလည်း ဖြန့်ကျက်ထားမည်ဟု သိရသည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...