မ.ဘ.သ မည်သည့် ပါတီအတွက်မျှ မစည်းရုံး မျိုးစောင့် ဥပဒေများ ပြည်သူ့ဆန္ဒရှိက ပြင်နိုင်၊ ပြောင်းနိုင်ဟုဆိုပြန်

မ.ဘ.သ မည်သည့် ပါတီအတွက်မျှ မစည်းရုံး မျိုးစောင့် ဥပဒေများ ပြည်သူ့ဆန္ဒရှိက ပြင်နိုင်၊ ပြောင်းနိုင်ဟုဆိုပြန်
by -
မဇ္ဈိမ
အမျိုးဘာသာ သာသနာကို စောင့်ရှောက်မည့် အမတ်များကိုသာ ရွေးချယ်ရန် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို) က မည်သည့် ပါတီအတွက်မှ ဆောင်ရွက်ခြင်းမရှိဟု မ.ဘ.သ ဗဟို ဝန်ဆောင် ဆရာတော် ဒေါက်တာ ဓမ္မပီရက အောက်တိုဘာ ၂ရက်နေ့တွင် မဇ္စျိမသို့ မိန့်သည်။

“ဘုန်းဘုန်းတို့က ဘယ်ပါတီကိုမှ အဲဒီလိုမျိုးတွေ လိုက်လုပ်ဖို့ ပြောတာမဟုတ်ဘူး။ အားလုံးကို ဘာပဲဖြစ်ဖြစ် အမျိုးသားရေး စိတ်ဓါတ်နဲ့ ဒါမျိုးကို၊ ဘယ်ပါတီမှ၊ ဘယ်မှာမှ တစ်အိမ်တက်ဆင်း မလုပ်ဘူးလို့ ဘုန်းဘုန်းတို့ အတည်ပြုပါတယ်”ဟု အရှင်ဓမ္မပီရ မိန့်သည်။

သို့သော် မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ခြင်းကြောင့် နိုင်ငံအနှံ့ အောင်ပွဲခံ အခမ်းအနားများ ပြုလုပ်ရခြင်း နှင့် ပတ်သက်၍ မဘသ ဗဟိုဝန်ဆောင် အဖွဲ့ဝင်ဆရာတော် ဦးဝီရသူကမူ ထိုအခမ်းအနားများသည် နောက်တက်လာမည့် အစိုးရတစ်ရပ်ရပ်က ထိုဥပဒေများကို မပြင်နိုင်ရန် အင်အားပြအောင်ပွဲခံခြင်းဟု ဆိုထားသည်။

မ.ဘ.သ အဖွဲ့က မြန်မာနိုင်ငံအတွင်း အမျိုးဘာသာ၊ သာသနာနှင့်ပက်သက်ပြီး အခြေတည်နိုင်စေရေး ဟူသည့် ပြည်သူ၏ ခံယူချက်များအရ မ.ဘ.သ အဖွဲ့အနေဖြင့် ဖွဲ့စည်း ဆောင်ရွက်ခြင်းဖြစ်သည်ဟု လည်း အရှင်ဓမ္မပီရ မိန့်သည်။ ဦးဝီရသူကမူ အဆိုပါ ဥပဒေများ ပြင်လိုပါက လူတစ်ဦးတစ်ယောက်၊ ပါတီတစ်ခု၊ အဖွဲ့အစည်းတစ်ခုအတွက် ပြင်ခြင်းကို လက်မခံနိုင်ဟုလည်း မဇ္ဈိမသို့ မိန့်ကြားထားသည်။

“မဲပေးမယ့် စာရင်းတောင်အမှား အမှန်တွေရှိနေတာ အဲဒီအမှားအမှန်တွေကို မှန်အောင်မလုပ်နိုင်တဲ့ အချိန်မှာ သံဃာတော်တွေက ပါတီနိုင်ငံရေးအတွက် တစ်အိမ်တက်ဆင်း လုပ်နေပါတယ်ဆိုတဲ့ စကားလေး ယုံနေတာကိုက ဘုန်းဘုန်းတို့ အံ့အားသင့်ပါတယ်”ဟု မ.ဘ.သ နာယက အဖွဲ့ဝင် ဆရာတော် ဓမ္မပီရက မိန့်သည်။

မ.ဘ.သ အဖွဲ့အနေဖြင့် အမျိုးဘာသာ သာသနာကို မစောင့်ရှောက်သည့် ပါတီဟု ယူဆပြီး NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲမပေးရေး လက်ကမ်းစာစောင်များကို တနင်္သာရီ၊ ဧရာဝတီနှင့် တိုင်းအချို့တွင် လိုက်လံဝေငှခြင်းများ ရှိကြောင်း စက်တင်ဘာ ၂၁ရက်နေ့၊ NLD ဗဟို အောင်နိုင်ရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် ဦးဝင်းထိန်က မီဒီယာမျာကို ပြောထားသည်။

၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲသို့ ဝင်ရောက်မည့်ကိုယ်စားလှယ်အချို့ကလည်း အမျိုးဘာသာ သာသနာကို စောင့်ရှောက်မည် ဟုဆိုကာ မိမိတို့ကိုမဲပေးရန် မဲဆွယ်မှုများလည်း ရှိနေသည်။ မျိုးစောင့် ဥပဒေများ ပြည်သူ့ဆန္ဒရှိက ပြင်နိုင်၊ ပြောင်းနိုင် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဥပဒေများကို ပြည်သူများက ဆန္ဒရှိပါက ပြင်နိုင်ပြောင်းနိုင်သည်ဟု မ.ဘ.သ နာယကအဖွဲ့ဝင် ဆရာတော် ဦးဓမ္မပီရကပင် မဇ္စျိမ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

“ဘုရားပြဌာန်းထားတဲ့ ဥပဒေတွေကလွဲရင် လူတွေလုပ်တဲ့ ဥပဒတွေက ပြည်သူ့ဆန္ဒရှိရင် ပြင်လို့ ပြောင်းလို့ရတယ်။ ဒါပေမယ့် ပြည်သူအများစုက မပြင်ချင်ရင် အဲဒီခေတ် အဲဒီအခါမှာဆန္ဒပြကြမယ် တောင်းဆိုမယ်။ ရွေးကောက်ပွဲ နီးတဲ့အချိန်မှာ အနာဂတ်မှာ အလှမ်းကွာဝေးတဲ့ အရာတွေကို ဘုန်းဘုန်းတို့ မ.ဘ.သ အနေနဲ့ ဘာမှကြိုတင်ပြုပြင်မှုလည်းမရှိပါဘူး။”ဟုလည်း မိန့်သည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...