“ကျွန်တော်တို့ ယုံကြည်တာကတော့ တပ်မတော်သား ၂၅ရာခိုင်နှုန်းကို တတ်နိုင်သမျှမြန်မြန် ဖယ်ရှားပေးမယ် သူဘာသာသူ ဆုတ်ခွာသွားမယ် ဆိုရင်အကောင်းဆုံးပဲ”ဟု မဇ္ဈိမကို ပြောသည်။
မဇ္ဈိမနှင့် အသေးစိတ် တွေ့ဆုံမေးမြန်းမှုတွင် ပြောဆိုခဲ့ခြင်းဖြစ်ပြီး “၂၅ရာခိုင်နှုန်းက အမြန်ဆုံး ထွက်သွားလေ လွှတ်တော်ရဲ့ နိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်း အစိုးရရဲ့ တရားဝင်မှုက တက်လာမယ်။ တက်လာရင် နိုင်ငံရေးအား ကောင်းလာ မယ်။ နိုင်ငံရေးအား ကောင်းတဲ့ အစိုးရဖြစ်ရင် နိုင်ငံတကာ ထောက်ခံမှုရော ပြည်တွင်းထောက်ခံမှုရော ပိုပြီးရလာမယ်”ဟု ပြောသည်။
နိုင်ငံရေး အားကောင်းသည့် အစိုးရဖြစ်လာပါက နိုင်ငံရေးအကျပ်အတည်းဖြစ်သည့် လက်နက်ကိုင် ပြဿနာ၊ စီးပွားရေး ပြဿနာ အကျပ်အတည်းများ အားလုံးကို ဖြေရှင်းနိုင်မည်ဟု သူကထောက် ပြပြောဆိုသည်။
သို့သော် လက်တွေ့ကျကျ ရှုမြင်ရန်လိုအပ်ပြီး မည်သည့်အတွက်ကြောင့် ရှိသည်ကို စဉ်စားရန်နှင့် အပြန်အလှန် နားလည်ပေးရန်လည်း လိုအပ်ကြောင်းလည်း သူက ဆိုသည်။ တဖက်နှစ်တဖက် အပြန်အလှန် နားလည်ကာ ယုံကြည်မှု ရသွားပြီဆိုပါက ယင်းကိစ္စကို အမြန်ဆုံး ဖြေရှင်းနိုင်မည်ဟု ယုံကြည်သည်ဟုလည်း ဆိုသည်။
အခြားတဘက်တွင်လည်း နိုင်ငံရေး ပါတီ အသီးသီးက နိုဝင်ဘာ ရွေးကောက်ပွဲတွင် မိမိတို့ ကိုယ်စားလှယ်လောင်းများ ရွေးချယ်ခံရရေး အသီးသီး မဲဆွယ်စည်းရုံး နေကြသော်လည်း ရွေးကောက်မခံဘဲ လွှတ်တော်တွင်း ရောက်လာသည့် တပ်မတော်သားအမတ်များသည် အခွင့်အရေး ပိုယူနေပြီး တန်းတူ အခွင့်အရေးဖြစ်ရန် ရွေးကောက်ခံအမတ်များသာ ဖြစ်သင့်ကြောင်း ရခိုင်အမျိုးသားပါတီ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာအေးမောင်က မဇ္ဈိမသို့ ထုတ်ဖေါ် ပြောဆိုထားသည်။
“ဖွဲ့စည်းပုံအရ တပ်မတော်သားတွေ လွှတ်တော်ထဲမှာ ပါနေတာကိုက စစ်ဘက်အရပ်ဘက် ဆက်ဆံ ရေးကို မကောင်းအောင် ယိုယွင်းအောင် ဖန်တီးထားတဲ့သဘောပဲ တပ်မတော်သားတွေသည် ပြည်သူနဲ့ တန်းတူအခွင့်အရေးရပါတယ်။ ပြည်သူထက် တစ်ပဲ ပိုရှုတဲ့ သဘော မဖြစ်အပ်ဘူး။ နိုင်ငံရေး နယ်ပယ်ထဲမှာ လာချင်သလား။ ယူနီဖောင်း ချွတ်ပြီးတော့မှ အရွေးကောက်ခံ” ဟု ဒေါက်တာ အေးမောင်က ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၀၉ ပုဒ်မခွဲ (ခ)တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြည်သူ့လွှတ်တော်အတွက် တပ်မတော်သားအမတ် ၁၁၀ ဦး ရွေးချယ်ရမည်ဟု ဖေါ်ပြထားသည်။ ပုဒ်မ ၁၄၁ ပုဒ်မခွဲ (ခ)တွင်လည်း တပ်တော်သား ၅၆ ဦးကို အမျိုးသားလွှတ်တော်အတွက် ကာကွယ်ရေး ဦးစီးချုပ်မှ ရွေးချယ်ရမည်ဟု ဖေါ်ပြထားသည်။
လွှတ်တော်အတွင်း တပ်မတော်သားများကို ပါဝင်ခွင့်ပေးထားသည့် ဖွဲ့စည်းပုံ အခြေခံပုဒ်မ ၁၀၉နှင့် ၁၄၁ တို့ကို ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ရ၅ ရာခိုင်နှုန်း ကျော်က သဘောတူရန် လိုအပ်သည်။ ထို့အပြင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်နိုင်သည်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၂ တွင် ဖေါ်ပြထားသည်။







