“လွှတ်တော်ထဲကို ပြည်သူ့ကိုယ်စားလှယ်တွေ များများရောက်အောင်လုပ်ပါ ဒကာကြီး၊ ဦးဇင်းတို့က NLD ကို ဝေဖန်ထောက်ပြတာသာ ဖြစ်တယ်။ NLDကို တိုက်ခိုက်တာမဟုတ်ဘူး”ဟု စက်တင်ဘာ ၃၀ ရက်နေ့တွင် မန္တလေးသို့ ရောက်ရှိနေသော NLD ပါတီ၏ ဗဟိုအောင်နိုင်ရေး ဥက္ကဌ ဦးတင်ဦးနှင့် တွေ့ဆုံစဉ် ဦးဝီရသူက မိန့်ကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲ ဝင်ပြိုင်စရာမလိုဘဲ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၏ တိုက်ရိုက်ခန့်အပ်မှုဖြင့် လွှတ်တော်တွင်း တပ်မတော်သား ၂၅ရာခိုင်နှုန်း ရောက်ရှိနေခြင်းမှာ လည်း သင့်တော်မှုမရှိဟု ဦးဝီရသူက မိန့်ကြားခဲ့သည်။
“တပ်မတော်သားကိုယ်စားလှယ်တွေ လွှတ်တော်ထဲရောက်နေတာကိုလည်းပဲ ဦးဇင်းတို့အနေနဲ့ ဘုရားတရားတော်နဲ့ မညီဘူးလို့ ဟောကြာခဲ့တယ်။ တပ်မတော်သားကိုယ်စားလှယ်တွေ ဒီမှာ အမြဲနေတာ မသင့်တော်ဘူးလို့ ဦးဇင်းတို့က ဝေဖန်ထောက်ပြခဲ့တယ်။ အဲ့တော့ တပ်မတော်သား ကိုယ်စားလှယ်နဲ့ ပတ်သက်လို့ ဦးဇင်းတို့ အမြင်တူပါတယ်” ဟု ဦးဝီရသူက မိန့်သည်။
သို့သော် နိုင်ငံခြားသား ခင်ပွန်းနှင့် သားသမီးများရှိသော ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို ကန့်သတ်ထားသော် အခြေခံဥပဒေပုဒ်မ ၅၉(စ)ကိုမူ နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အမျိုးသားလုံခြံုရေးအတွက်ကြောင့် ကာကွယ်ထားခြင်းဖြစ်သည်ဟု ဦးဝီရသူက မိန့်ကြားခဲ့သည်။
“ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ရည်ရွယ်ပြီး ဒါတွေရေးဆွဲတယ်ဆိုပြီးဖြစ်တော့ ဦးဇင်းတို့က ၅၉(စ)ကို ကာကွယ်တယ်။ ဒီက ၅၉(စ)ကို ပြုပြင်မယ်ဆိုတော့ အဲ့ဒီမှာ ဦးဇင်းတို့ကပဲ အစိုးရလက်ကိုင်တုတ်လို့၊ ကြံ့ဖွတ်လော်ဘီတို့၊ စစ်အလေးမတို့ ဖြစ်ကုန်တာပေါ့”ဟု ဦးဝီရသူက မိန့်သည်။
ဦးဝီရသူ၏ ထိုသို့ မိန့်ကြားမှုအပေါ် NLD ပါတီ၏ နာယကလည်းဖြစ်သူ ဦးတင်ဦးက တုံ့ပြန်ပြောဆိုခဲ့ခြင်း မရှိပေ။
သံဃာတော်အချို့ဦးဆောင်သည့် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့(မ.ဘ.သ)မှ ဦးဝီရသူသည် မျိုးစောင့်ဥပဒေဟု လူသိများသည့် ဥပဒေလေးခုကို လွှတ်တော်တွင်း ပြဌာန်းပေးရန် ဦးဆောင်ခဲ့သူဖြစ်ပြီး အဆိုပါဥပဒေများမှာလည်း လွှတ်တော်တွင်းပြဌာန်းပြီး ဖြစ်သည်။
မျိုးစောင့်ဥပဒေများ ပြဌာန်းနိုင်မှုအပေါ် နိုင်ငံအဝှမ်းတွင် အောင်ပွဲများ ပြုလုပ်ကာ မျိုးစောင့်ဥပဒေကို ကန့်ကွက်သည့် NLDပါတီကို မဲမပေးရန် အဆိုပါ အောင်ပွဲများတွင် ဦးဝီရသူ၏ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့က ဟောပြောလျက်ရှိနေသည်။
ယင်းအခြေအနေများအပေါ် NLD၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင် ဦးဝင်းထိန်က “အင်န်အယ်လ်ဒီပါတီက ဘာသာရေးဆိုင်ရာဥပဒေတွေကို မထောက်ခံလို့ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်အချို့က သူတို့ကို ယုံကြည်သူတွေကို သြဇာလွှမ်းဖို့ ကြိုးစားပြီး အင်န်အယ်လ်ဒီကိုမဲမပေးဖို့ လုပ်တဲ့ ဖြစ်စဉ်အချို့ ရှိပါတယ်။ သူတို့ရဲ့ ဟောပြောမှုတွေဟာ အခြေခံဥပဒေနဲ့ လုံးလုံးဆန့်ကျင်နေ တယ်” ဟု စက်တင်ဘာ ၂၅ရက်နေ့က နေပြည်တော်တွင်ပြုလုပ်သည့် ရွေးကောက်ပွဲနှင့် ကျင့်ဝတ် ဆိုင်ရာညီလာခံတွင် ပြောဆိုထားသည်။







