တောင်တွင်းကြီးက ထူးဆန်းတိမ် မုန်တိုင်း တစ်ခုရဲ့ ရှေ့ပြေး လက္ခဏာလို့ ဒေါက်တာ ထွန်းလွင်ဆို

တောင်တွင်းကြီးက ထူးဆန်းတိမ် မုန်တိုင်း တစ်ခုရဲ့ ရှေ့ပြေး လက္ခဏာလို့ ဒေါက်တာ ထွန်းလွင်ဆို
by -
မဇ္ဈိမ
တောင်တွင်းကြီးမြို့ပေါ်တွင် အဆုတ်လိုက် ပုံသဏ္ဍာန်ရှိသည့် ပုံမှန်မဟုတ်သော တိမ်များ စက်တင်ဘာ ၃၀ ရက်နေ့၊ ညနေပိုင်းတွင် ဖြစ်ပေါ်နေရာ မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်ထံသို့ ဒေသခံများက ဓာတ်ပုံများ ပေးပို့မေးမြန်းရာတွင် မုန်တိုင်း သို့မဟုတ် လွန်ကဲရာသီဥတု၏ လက္ခဏာဟု ခန့်မှန်းထားသည်။

cloud“အရေးကြီးတဲ့ အချက်တစ်ခုကတော့ Mammatus တိမ်တွေဟာ များသောအားဖြင့် မုန်တိုင်းတစ်လုံး ဒါမှမဟုတ် လွန်ကဲရာသီဥတု ဖြစ်စဉ်တစ်ခုတို့ရဲ့ ရှေ့ပြေးဖြစ်နေ တတ်ခြင်း ဖြစ်ပါတယ်”ဟု ဒေါက်တာ ထွန်းလွင်က ခန့်မှန်းသည်။

“ဒါဟာ အားကောင်းတဲ့ မိုးကြိုးမုန်တိုင်း (သို့လေပြင်း တိုက်ခတ်မှု(သို့) လေဆင်နှာမောင်း လေပြင်တစ်ခုရဲ့ ရှေ့ပြေး ဖြစ်တတ်ပါတယ်။ အဆိုပါ တိမ်အနီးပတ်ဝန်းကျင်မှာ ပြင်ထန်တဲ့ အထက် အောက်လေရွဲ့စောင်းမှု (Vertical Wind Shear) ရှိတတ်တာကြောင့် လေယာဉ်များအနေနဲ့ ဝေးရာကို အထူးရှောင်ရှားသွားရလေ့ ရှိပါတယ်”ဟု ဒေါက်တာထွန်းလွင်က ဆိုသည်။

တောင်တွင်းကြီးတွင် ဖြစ်ပေါ်ခဲ့သည့် အဆိုပါတိမ်သည် ငလျင်တိမ် အမျိုးအစားတိမ်ဖြစ်နိုင်သည်ဟု ခန့်မှန်းချက်များ ထွက်ပေါ်နေသော်လည်း “Earthquake cloud ထက် Mammatus Cloud ဖြစ်ဖို့ ပိုသေချာနိုင်ပါတယ်” ဟု ဒေါက်တာ ထွန်းလွင်က ဆိုသည်။

Earthquake Cloud  အမျိုးအစားတိမ်များ ၁၉၉၆ ခုနှစ် သြဂုတ်လ ၁၄ ရက်တွင် ဂျပန်နိုင်ငံတွင် ဖြစ်ပေါ်ပြီးနောက် အင်အား ၄.၄ ရှိသည့် ငလျင်လှုပ်ခတ်ခဲ့သည်ဟု ဒေါက်တာ ထွန်းလွင်က ဆိုသည်။

ဒေါက်တာထွန်းလွင် အဆိုပါထူးဆန်းတိမ်များနှင့် ပတ်သက်၍ သူကိုယ်တိုင်ရေး ဆောင်းပါး တစ်ပုဒ်ကို လည်း သူ၏ အင်တာနက် လူမှုကွန်ယက်တွင် ပြန်လည်ဖေါ်ပြထားပြီး ၂၀၀၃ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့က အီရန်နိုင်ငံတွင် တွေ့ရှိခဲ့ဖူးပြီး ဒီဇင်ဘာ ၂၆ ရက်တွင် အင်အား ၆.၈ ရှိ ငလျင် လှုပ်ခတ်ခဲ့သည်ဟု ဆိုထားသည်။

အဆိုပါ တွေ့ရှိချက်ကို Shou အမည်ရ ငလျင် ပညာရှင်က တွေ့ရှိခဲ့ပြီး “Shou ဟာ မြေငလျင်တိမ် တွေနဲ့ မြေငလျင်ကြိုတင် ခန့်မှန်းရေးတွေကို ဆက်တိုက်ပြုလုပ်ခဲ့ရာမှာ လက်ရှိအချိန်အထိ အကြိမ်ပေါင်း(၅၀) ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ အဲဒီမှာ Shou တင်ထားတဲ့ စံချိန်ကတော့ (၃၆)ကြိမ် မှန်ကန်ခဲ့တာကို တွေ့ရပါတယ်” ဟု ဦးထွန်းလွင်က သူ၏ ဆောင်းပါးတွင် ရေးသားထားသည်။

ငလျင် တိမ်နှင့် သာမန် သဘာဝတိမ် ကွဲပြားမှုကို ဦးထွန်းလွင်က ဆက်လက် ဖေါ်ပြရာတွင်  “မြေငလျင်တိမ်တွေနဲ့ မိုးလေဝသတိမ်တွေဟာ ရေငွေ့နဲ့ တည်ဆောက်တာချင်းတူကြပေမယ့် ဝိသေသချင်း ကွာကြပါတယ်။ အထူးသဖြင့် ပုံပန်းသဏ္ဍာန်နဲ့ အမြင့်တွေဖြစ်ပါတယ်။ မြေငလျင်တိမ်ရဲ့ ဝိသေသတွေကတော့ မြေငလျင်တိမ်တွေဟာ ရုတ်တရက် ပေါ်လာတတ်ပါ တယ်။ နေရာမရွေ့လျား ကြဘဲ မြေငလျင်ကြော အနီးမှာဘဲ အသေစွဲနေလေ့ရှိပါတယ်။ ထူးခြားတဲ့ ပုံသဏ္ဍန်လည်း ရှိတတ်ကြ ပါတယ်။ ဥပမာအားဖြင့် မျဉ်းကြောင်း တစ်ခုပုံမျိုး၊ မြွေတစ်ကောင် ပုံမျိုး၊ မျဉ်းပြိုင်များရဲ့ပုံမျိုး၊ လှိုင်းတစ်စုရဲ့ပုံုမျိုး၊ ငှက်မွေးတစ်ခုရဲ့ ပုံသဏ္ဍန်မျိုးနဲ့ အငွေ့များဖြာထွက်နေတဲ ပုံသဏ္ဍာန်မျိုး စသဖြင့်(၆)မျိုး ရှိတတ်ကြပါတယ်” ဟုဆိုထားသည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...