“၂၀၀၈ ဖွဲ့စည်းပုံကို လုံးဝလက်မခံသဖြင့် ၂၀၁၅ ရွေးကောက်ပွဲကိုလည်း မထောက်ခံနိုင်ပါ။ သို့သော် မိမိတို့ စိုးမိုးထားသည့်နယ်မြေရှိ ရွေးကောက်ပွဲများလွတ်လပ်မျှတစွာ ကျင်းပနိုင်ပြီး ဝင်ရောက်သည့် နိုင်ငံရေးပါတီများကို လည်းထောက်ခံမည် မဟုတ်သကဲ့သို့ နှောင့်ယှက်ဖျက်ဆီးခြင်းလည်း လုပ်မယ် မဟုတ်ပါ”ဟု TNLA က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အစိုးရက ထိုးစစ်များဆင်နွဲနေသော်လည်း ပလောင်အဖွဲ့ကမူ မိမိတပ်ဖွဲ့ကာကွယ်ရေးစစ်မှအပ တခြား ထိပ်တိုက်ထိတွေ့မှုများကို အတက်နိုင်ဆုံးရှောင်ရှားကာ တိုက်ပွဲများကို ရှောင်ရှားသွားမည်ဟုလည်း ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။
ထို့အပြင် ရွေးကောက်ပွဲသို့ ဝင်ရောက်မည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ပလောင်လူမျိုး များအား နိမ့်ချပုတ်ခတ်စော်ကားဟောပြောခြင်းမှအပ လွတ်လပ်စွာ ဟောပြောစည်းရုံးနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရှမ်းပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်အားလုံးနည်းပါးတွင် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်ထား သော်လည်း အခြားအခြေအနေများကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေများကို ပြည်ထောင်စုရွေးကောာက်ပွဲ ကော်မရှင်က ထုတ်ပြန်ခြင်းမရှိသေးပေ။
ပလောင်အဖွဲ့သည် အစိုးရက နောက်ဆက်တွဲအပစ်ခတ်ရပ်စဲရေး(ပြည်နယ်အဆင့်) သဘောတူညီမှု ကို ရယူရန် နှစ်ဖက်ညှိနှိုင်းနေသော် လည်း ယင်းအချိန်အတွင်းပင် တိုက်ပွဲများဖြစ်ပေါ်နေသည်။ အစိုးရက အပစ်အခတ်ရပ်စဲ ရေးလက်မှတ်ကို ပလောင်အဖွဲ့မပါသည့် အခြားတိုင်းရင်းသား လက်နက်ကိုင် ၁၅ဖွဲ့ဖြင့် ပထမဆုံးလက်မှတ်ရေး ထိုးရန်ပြင်ဆင်နေသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖက်ကလည်း ပလောင်အပါအဝင် အဆင့်မြင့်ခေါင်းဆောင်များ အဖွဲ့ဝင် လက်နက်ကိုင် ၁၇ ဖွဲ့ဖြင့် အပစ်ရပ်ထိုးရန် ပထမဆုံးညှိနှိုင်းကြိုးပမ်းပြီး ဒုတိယအဆင့်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂၁ဖွဲ့လုံးဖြင့် တစ်ပြိုင်တည်း လက်မှတ်ထိုးနိုင်ရေးကိုလည်း ကြိုးပမ်းနေသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးက စက်တင်ဘာ ၂၈ရက်မှ ၃၀ရက်နေ့အထိ ချင်းမိုင်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးမည့် ရက်ဆွေးနွေးမည့် အစည်းအဝေးကို ပြုလုပ်ရန် ပြင်ဆင်နေသည်။ ယင်းအစည်းအဝေးက လက်မှတ်ထိုးမည့် ရက်သာဆုံးဖြတ်ခြင်းဖြစ်ပြီး ပါဝင်ရေးထိုးမည့် အဖွဲ့များက ကိုယ်ပိုင် ဆုံဖြတ်ချက်ဖြင့်သာဆောင်ရွက်ရမည်ဟု အဆင့်မြင့် ခေါင်းဆောင်များအဖွဲ့ဝင် ဦးခွန်ဥက္ကာက မဇ္စျိမသို့ ပြောဆိုထားသည်။
အားလုံးပါဝင်ရေးမူအပေါ် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တို့အကြား သဘောထားကွဲလွဲမှု ရှိနေခြင်းကြောင့် သြဂုတ်လအတွင်း အဆုံးသတ်နိုင်ခဲ့သည့် အပစ်အခတ်ရပ်စဲရေးသဘောတူ စာချုပ်ကို လက်ရှိအချိန်အထိ လက်မှတ်မရေးထိုးနိုင်သေးပေ။








