ပျက်စီးနေသည့် မြောက်ဦး ဘုရားအုပ်အနီးလမ်းပိုင်းကို ကျပ် ၂၂၈ သန်းဖြင့် ပြင်မည်

ပျက်စီးနေသည့် မြောက်ဦး ဘုရားအုပ်အနီးလမ်းပိုင်းကို ကျပ် ၂၂၈ သန်းဖြင့် ပြင်မည်
by -
စံမောင်သန်း
ရခိုင်ပြည်နယ် မြောက်မြို့နယ်တွင် မြောက်ဦး-ဆင်အိုးလမ်းနှင့် မြောက်ဦး-ပိုးဖြူကျွန်းလမ်းတို့ကို ဆက်သွယ်ထားသည် ဘုရားအုပ်အနီးလမ်းပိုင်းမှာ သွားလာ၍မရလောက်အောင်ထိ ဆိုးဆိုးရွားရွာပျက်စီးနေသဖြင့် ၎င်းလမ်းပိုင်းကို ကျပ် ၂၂၈ သန်း အကုန်ကျခံပြီး ပြုပြင်သွားမည်ဟု မြောက်ဦးမြို့နယ် ကျေးလက်ဦးစီးဌာနမှ ဦးစီးမှူးက ပြောသည်။ ၎င်းလမ်းပိုင်းမှာ ပျက်စီးနေသည်ကို အစိုးရမှ မပြင်လျှင် ရွာသားများအနေဖြင့် ကိုယ်ထူကိုယ်ထ ပြင်သွားမည်ဟု တောင်းဆိုပြီးနောက်ပိုင်း ၎င်းလမ်းပိုင်းကို ကျေးလက်ဦးစီးဌာနမှ ကျပ် ၂၂၈ သန်း အကုန်အကျခံ ပြုပြင်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာခြင်း ဖြစ်သည်။ ၎င်းလမ်းပိုင်းအား အစိုးရမှလည်း ပြန်လည် ပြုပြင်ခြင်းမရှိ၊ ကျေးရွာသားများမှ ကိုယ်ထူကိုယ်ထ ပြုပြင်ဆိုပါကလည်း ကျေးလက်ဦးစီးဌာနက လက်မခံသဖြင့် အခက်ကြံုတွေ့နေရကြောင်း ကျေးရွာသားများက အကြောင်းကြားပြီးနောက် မြောက်ဦးကျေးလက်ဦးစီးဌာနသို့ နိရဥ္စရာမှ ဆက်သွယ်မေးမြန်းရာ ကျေးလက်ဦးစီးမှူးက ၎င်းလမ်းပိုင်းအား များမကြာမီ ပြုပြင်သွားမည်ဟု ပြောဆိုသည်။ “ ဟုတ်ကဲ့ပါ။ လမ်းအခြေအနေက အတော်ကို ဆိုးရွားနေပါတယ်။ အဲဒီတဲ့ လမ်းအပိုင်းကို အသစ်ဆောက်လုပ်ရေးအတွက် တင်ဒါတော့ ခေါ်ယူပြီးပါပြီ၊ ဖြိုးမင်းထွန်းကုမ္ပဏီက တင်ဒါအောင်မြင်ထားပါတယ်။ ဒီလကုန်ခါနီး၊ ဒါမှ မဟုတ်ရင် ရှေ့လဆန်းလောက်မှာ စပြီးတော့ လုပ်နိုင်အောင် စီစဉ်နေပါတယ်။ အဲဒီနယ်မြေက ရှေးဟောင်းသုတေသန နယ်မြေဆိုတော့ ကတ္တရာလမ်းခင်းသွားမှာ ဖြစ်ပါတယ်”ဟု မြောက်ဦးမြို့နယ် ကျေးလက်ဦးစီးဌာနမှ ဦးစီးမှူးက ပြောသည်။ နှစ်ဘီးယာဉ်မောင်း ဦးမြတ်မင်းခိုင်က “မြောက်ဦးက ထွက်တာနဲ့ အလယ်ဘုရားအုပ်နဲ့ ကိုးသောင်း ပုထိုးတော်အနီးထိ လမ်းပိုင်းဟာအတော့်ကို ဆိုးရွားနေပါတယ်။ အဲဒီလမ်းပိုင်းကို သက်ဆိုင်ရာက မပြင်ရင် ထော်လာဂျီမောင်းသမားတွေ၊ သုံးဘီးမောင်းသမားတွေနဲ့ နှစ်ဘီးမောင်းသမားတွေက တစ်ယောက်ဆီက ငွေ ၁၀၀၀၀ ကျပ်စီ ကျခံပြီးတော့ ကိုယ်တိုင်ပြုပြင်သွားပါမယ်။ အခု ကျေးလက်ကပြင်မယ်ဆိုတောလည်း ကောင်းပါတယ် ”ဟု ဆိုသည်။ အဆိုပါလမ်းပိုင်းကို မြောက်ဦးမြို့နယ်ရှိ ဘုရားအုပ်၊ ဆင်အိုးချေ၊ ဆင်အိုးကြီး၊ လေညှင်းတောင်၊ ဗြုတ်ချောင်း၊ ညောင်ပင်လှ၊ ဂုံကျွန်း၊ မော်ရွာ၊ စင်ပွန်းကိုင်း၊ လက်ပတ်၊ ညောင်ပင်လှ အပါအဝင် ကျေးရွာအများအပြားက အသုံးပြုနေသောလမ်းဖြစ်ကြောင်း သိရှိရသည်။ အဆိုပါလမ်းအရှည်သည် တစ်မိုင်နှင့် သုံးဖာလုံရှိပြီး ခွင့်ပြုရန်ပုံငွေ ၂၂၈ သန်းဖြင့် ၁၂ ပေအကျယ်၊ တစ်ပေအမြင့် ကတ္တရာလမ်း ခင်းမည်ဖြစ်ကြောင်း သိရှိရသည်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...