Published
Friday, June 09, 2017
စစ်တွေ-သံတွဲသွား မှန်လုံကားငယ်တစ်စီး ကန်စောက်တောင်တွင် တိမ်းမှောက်
တိမ်းမှောက်သွားသော ကားကို တွေ့ရစဉ်
စစ်တွေမှ သံတွဲသို့ ပြေးဆွဲနေသည့် မှန်လုံခရီးသည်တင် ကားငယ် တစ်စီးသည် ယနေ့ နံနက်က ကျောက်တော်မြို့နယ် ကန်စောက်တောင်အဆင်းတွင် ဘရိတ်ပေါက်ပြီး တိမ်းမှောက်သွားခဲ့သည် ဟု အပေါက်ဝ ကျေးရွာ ရဲစခန်းမှ ရဲအုပ် ဌေးဇော်က နိရဥ္စရာ သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။
“ ဒီကနေ့ နံနက် ၆ နာရီခန့်မှာ ကားက တောင်အဆင်းမှာ ဘရိတ်ပေါက်တယ်။ ချောက်ထဲကျမသွားအောင် တောင်စောင်းမှာ လှည့်ရာကနေ တိမ်းမှောက်သွားတာပါ။ ဒါပေမယ့် အသေအပျောက်တော့ မရှိပါဘူး” ဟု ရဲအုပ်ဌေးဇော် ကပြောသည်။
ကျောက်တော်မြို့နယ် ကန်စောက်တောင်သည် မကြာခဏ ကားမတော်တဆ ဖြစ်ပွားသော နေရာ တစ်ခု ဖြစ်သဖြင့် ယခုလို မိုးရာသီတွင် ကားသမားများ အနေဖြင့် အထူးသတိထားပြီး မောင်းနှင်ရန် လိုအပ်သည်ဟု ဆိုသည်။
“ အသေအပျောက်မရှိဘူး ၊ ဒဏ်ရာကြီးကြီးကျယ်ကျယ် မရတာတော်သေးတယ်။ မိုးရာသီမှာ တစ်ခြား အချိန်တွေ ထက် ကားသမားတွေ ပိုသတိထား မောင်းနှင်ဖို့ လိုအပ်ပါတယ်” ဟု ရဲအုပ်ဌေးဇော်က ပြောသည်။
ယခု ကားမတော်တဆမှုကို တရားစွဲဆို အမှု့ဖွင့်ဆောင်ရွက်ခြင်း မရှိဟုလည်း သူက ဆက်လက်ပြောဆိုသည်။







