တပ်မတော်(ရေ)မှ ပင်လယ်သွားဆေးရုံရေယာဉ်ဖြင့် ကျောက်ဖြူတွင် အထူးဆေးကုသမှု ပြုလုပ်

တပ်မတော်(ရေ)မှ ပင်လယ်သွားဆေးရုံရေယာဉ်ဖြင့် ကျောက်ဖြူတွင် အထူးဆေးကုသမှု ပြုလုပ်
by -
နိရဥ္စရာ
တပ်မတော်(ရေ)မှ သံလွင် အမည်ရှိ ပင်လယ်သွား ဆေးရုံရေယာဉ်ဖြင့် အခမဲ့ အထူး ဆေးကုသမှုကို မတ်လ ၁၉ ရက်နေ့က ကျောက်ဖြူမြို့နယ်၊ ဓညဝတီရေတပ်စခန်းဌာနချုပ်တွင် စတင် ပြုလုပ်နေပြီဟု သတင်း ရရှိသည်။

ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) တွင် အထူးဆေးကုသမှု အဖွဲ့မှ တပ်မတော် ဆရာဝန်ကြီးများ ဖြစ်ကြသော သားဖွားမီးယပ်ပါရဂူ၊ ဓာတ်မှန်ပါရဂူ၊ ရောဂါဗေဒပါရဂူ၊ အရိုးခွဲစိတ်ပါရဂူ၊ ဆေးကုသမှုပါရဂူ၊ ခွဲစိတ်ပါရဂူ၊ မေ့ဆေးပါရဂူများလိုက်ပါလာကြကြောင်းသိရသည်။

ပင်လယ်သွားဆေးရုံရေယာဉ်-သံလွင် အထူးဆေးကုသမှုအဖွဲ့သည် ဓညဝတီရေတပ်စခန်းဌာနချုပ်ဆိပ်ကမ်း၌ လူနာ အနည်းအများပေါ်မူတည်၍ သုံးလေးရက်ကြာအောင်ထိ  ဆေးကုသရေး အစီအစဉ်အား ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဓညဝတီရေတပ်စခန်း ဌာနချုပ်မှ ဗိုလ်မှူးတစ်ဦးက နိရဥ္စရာသို့ ပြောသည်။

“ ဒီနေ့မှာတော့ ဓညဝတီရေတပ်စခန်းဌာနချုပ် အနီးအနားကျေးရွာတစ်ချို့က လူတွေပဲရောက်သေးတယ်။ နောက်ထပ် ကျေးရွာတွေအများအပြားရှိနေသေး တယ်ဆိုတော့ ကုသမယ့် နေ့ရက်က နောက်ထပ် သုံးလေး ရက်လောက်ကြာနိုင်သေးတယ်” ဟု ၎င်းဗိုလ်မှူးတစ်ဦးက ပြောသည်။

Photo by Narinjara

အခမဲ့ဆေးကုသမှု စတင်သည့် ပထမနေ့တွင် ဓညဝတီရေတပ်စခန်းဌာနချုပ်မှ မိသားစုဝင်များနှင့် အနီးအနား ကျေးရွာများ ဖြစ်ကြသည့် စစ်တော၊ သစ်ပုတ်တောင်၊ စိုင်ခြံု၊ စည်မော်နှင့်ရှောက်ချောင်းကျေးရွာ လူနာ တစ်ရာကျော်ခန့်နှင့် သံဃာတော်အချို့လာရောက် ဆေးကုသမှု ခံယူခဲ့သည်ဟု သူက ပြောသည်။  

ပင်လယ်သွားဆေးရုံရေယာဉ်-သံလွင် တွင် ဆေးကုသမှု ခံယူလိုသည့် အနီးအနားကျေးရွာများမှ လူနာများသည်   ဓညဝတီရေတပ်စခန်းဌာနချုပ်ရှိ အနော်ရထာခန်းမတွင် ဦးစွာ စာရင်းပေးသွင်းရကြောင်း၊

ထိုမှတစ်ဆင့်လူနာများကို ဓညဝတီရေတပ်စခန်းဌာနချုပ်ရှိ သင်္ဘောဆိပ်သို့ ကားနှင့်ပို့ဆောင်ပေးပြီး  စမ်းသပ်မှုများ ပြုလုပ်ပေးကြောင်း၊  အရေးကြီးသောလူနာများကို ပင်လယ်သွားဆေးရုံရေယာဉ်-သံလွင်တွင် ဆေးကုသပေးပြီး အရေးမကြီးသော အခြားလူနာများကို တပ်ရုံးခန်းတွင် သီးသန့်ခွဲပြီးဆေးကုသပေးကြောင်း သိရသည်။

ပင်လယ်သွားဆေးရုံရေယာဉ်-သံလွင် အထူးဆေးကုသမှုအဖွဲ့သည် ဓညဝတီရေတပ်စခန်းဌာနချုပ်မှ ဆေးကုသပြီးနောက် စနဲနှင့် ကျောက်ဖြူမြို့သို့ ရောက်ရှိလာမည် ဖြစ်ပြီး မတ်လ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့ထိ ဆေးကုသ ပေးမည်ဖြစ်ကြောင်းသိရသည်။

ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူးမှ ကျောက်ဖြူမြို့နယ် ရပ်ကွက်၊ကျေးရွာများအတွင်းရှိ ဆေးကုသခံယူမည့် သံဃာတော်များနှင့် လူနာစာရင်းများကို အချိန်မီပြုစုပြီးတင်ပြရန် ရပ်ကျေးအုပ်ချုပ်ရေးမှူးများထံညွှန်ကြားထားကြောင်း သိရသည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...