“ ဒီနေ့လည်း တရားလို ရဲအုပ် အောင်မြင့်ဦး မရောက်ဘူး။ ရုံးထုတ်တာ သုံးကြိမ်ရှိပြီး တစ်ကြိမ်မှ မလာဘူး” ဟု ဦးကျော်ဇံဝေက ပြောသည်။
ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကလည်း တရားလိုဖြစ်သူ ရဲအုပ် အောင်မြင့်ဦး ပျက်ကွက်ကြောင်း၊ မတ်လ ၄ ရက်နေ့က ရုံးချိန်းတွင်လည်း ထပ်မံ ပျက်ကွက်ကြောင်း၊ ယနေ့ မတ်လ ၁၈ ရက်နေ့တွင်လည်း ခရီးလွန်နေသည်ဟု အကြောင်းပြကာ ရုံးချိန်း ပျက်ကွက်ခဲ့သည်ဟု ဆိုသည်။
ယနေ့ရုံးထုတ်ခဲ့သည့် ရခိုင် လူငယ် ၁၃ ဦးမှာ မြင့်ကျော်(ခ) ထွန်းနိုင်၊ ဦးဆန်းမောင်၊ ဇော်လင်းထွန်း(ခ) မောင်သန်းထွန်း၊ ဇော်မင်းထွန်း(ခ) ကုလားချေ၊ စောရန်နိုင်(ခ) ကျော်စိုးမင်း(ခ) အာနိူး၊ ဦးဆန်းမောင်(၂)၊ မောင်ဟန်စိုး၊ ကျော်သိန်းချေ(ခ) လှိုင်သိန်းချေ(ခ) အောင်ကျော်သိန်း၊ ဇော်မင်းဦး၊ ညိုမောင်(ခ) မောင်ဝင်း(ခ) ဇော်ဝင်းနိုင်၊ အေးကျော်သန်း၊ ဇော်မင်းဌေး၊ ၀င်းအောင်(ခ) ကျန်ချေတို့ ဖြစ်ကြသည်။
“ ကျွန်တော်တို့ကတော့ အမှုကို အမြန်ဖြတ်ချင်ပါတယ်။ ဒီနေ့လည်း တရားလို မရောက်တဲ့ အတွက် အမှုကို မစစ်ဆေးခဲ့ရပါဘူး” ဟု ဦးကျော်ဇံဝေက ပြောသည်။
သူတို့အမှုအား လိုက်ပါ ဆောင်ရွက်ပေးနေ သူ ရှေ့နေ အမျိုးသမီး ဒေါ်အေးနုစိန်က ပျက်ကွက်ခြင်းမှာ မှန်ကန်ကြောင်းနှင့် ပျက်ကွက်ရသည့် အကြောင်းကို ယခုလို ရှင်းပြသည်။
“ ရဲအုပ် အောင်မြင့်ဦးက စစ်တွေမှာ ကျနေစဉ် အမှုကို စွဲတင်ခဲ့တာပါ။ အဲဒီနောက်ပိုင်း သူ မောင်တောမြို့ကို ပြောင်းသွား ပါတယ်။ မောင်တော ကို ရောက်တော့ မလာနိုင်ဘူး ဖြစ်သွားတယ်။ ဒီနေ့လည်း ရုံးချိန်းရှိပေမယ့် ဆယ်တန်း စာမေးပွဲနဲ့ မောင်တောမှာ လုံခြံုရေး ပါနေတော့ သမန်စာ ဘဲလာတယ်။ လူမလာနိုင်ဘူး။ နောက်တစ်ပတ် တနင်္လာနေ့ မတ်လ ၂၁ ရက်နေ့ ထပ်မံ ရုံးချိန်းထားပါတယ်” ဟု ဒေါ်အေးနုစိန်က ပြောသည်။
ယခုကဲ့သို့ တရားလို ပျက်ကွက်သော်လည်း အမှုအတွက် တစ်စုံတစ်ရာ ပြဿနာ မရှိနိုင်ကြောင်း သိရသည်။
ယနေ့ရုံးထုတ်လာသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ- နိရဥ္စရာ







