“ ကျောင်းသား စုစုပေါင်း ၄၉၉ ဦးရှိပါတယ်။ အခုအချိန် အလယ်တန်းကျောင်း (ခွဲ) ဖြစ်နေပါတယ်။ ဒီလို ဖြစ်နေတာကို နားမလည်အောင် ဖြစ်နေပါတယ်” ဟု လက်ထောက် ကျောင်းဆရာမှ နိရဥ္စရာသို့ ပြောကြားသည်။
ယခုကဲ့သို့ ကျောင်းသားဦးရေ ၅၀၀ ခန့်ရှိသော ကျောင်းတစ်ကျောင်းကို ယခုအချိန်ထိ အလယ်တန်းကျောင်း (ခွဲ)မှ အလကအဆင့်သို့ တိုးမြှင့် မခံရသည့် ကိစ္စအပေါ် ကျောက်တော်မြို့နယ် လက်ထောက် ပညာရေးမှူးအား ရွာမပြင် ကျောင်းရှေ့ရှိ လဘက်ရည်ဆိုင်တွင် တွေ့ဆုံ မေးမြန်းရာ သူက “ ရွာသားတွေက အထက်ကို အလက အဆင့်တိုးမြှင့်ဖို့ စာရေး မတင်ပြတဲ့ အတွက် ဖြစ်ပါတယ်။ တင်ပြရင် ရနိုင်ပါတယ်” ဟု ပြောဆိုသည်။
ရွာသားများကမူ အထက်ကို အကြိမ်ကြိမ် အလီလီ တင်ပြတောင်းဆိုထားကြောင်း ပြန်လည် ချေပ ပြောဆိုသည်။

ရွာမပြင် အလက(ခွဲ)မှာ လက်ရှိ အလက(ခွဲ) အဆင့်တွင်ပင် ကျောင်းသား ၅၀၀ ခန့်ရှိနေသဖြင့် အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်သို့ တိုးမြှင့်ပါက ကျောင်းသား ကျောင်းသူ တစ်ထောင်ခန့်ထိ ရှိနိုင်ကြောင်း ရွာသားများက ပြောဆိုသည်။
“ ဒီကျောင်းက အလက(ခွဲ) ဖြစ်နေတော့ ခုနှစ်၊ ရှစ်တန်းက ကျောင်းသားတွေ၊ ဒါ့အပြင် ရှစ်တန်းအောင်သွားတဲ့ ကျောင်းသားတွေ သရက်တစ်ပင်တို့ ကျောက်တော်တို့ကို သွားတက်ရပါတယ်။ ဆင်းရဲတဲ့ မိဘတွေဆိုရင် ကိုယ့်ရွာမှာ မဟုတ်တဲ့ အတွက် သားသမီးတွေကို စာမသင်နိုင်တော့ဘူး။ ဒီဒေသမှာ ဒီလို အခြေအနေတွေကြောင့် ပညာရေး နိမ့်ကျနေရတာပါ။ ဒါကြောင့် ကျွန်တော်တို့က အလယ်တန်းကျောင်း သာမက ရနိုင်ရင် အထက်တန်းကျောင်းတောင်ကို လိုချင်ပါတယ်” ဟု ရပ်ရွာလူကြီး တစ်ဦးက ပြောသည်။
ကျောက်တော်မြို့နေ ၈၈ မျိုးဆက် လူမှု ဖွံ့ဖြိုးရေး အဖွဲ့မှ ကိုကျော်နိုင်ကလဲ “ ဒီရွာက ကျောက်တော်မြို့နယ်မှာ အိမ်ခြေ တစ်ထောင်ကျော်ရှိတဲ့ ရွာကြီး တစ်ရွာ ဖြစ်ပါတယ်။ အထက်တန်းကျောင်းရှိရင် ကျောင်းသား တစ်ထောင်ကျော်ထိ တိုးလာနိုင်ပါတယ်။ ဒီကျောင်းကို အလကတောင် မဟုတ်ဘူး။ အမှန်ဆိုရင် အထက်တန်းကျောင်းအဆင့်ထိ တိုးမြှင့်ဖို့ ကောင်းပါတယ်။ အခုအဆင့် အလက(ခွဲ)ဆိုတာကတော့ လုံးဝ မဖြစ်သင့်တော့ဘူးလို့ ယူဆပါတယ်” ဟု နိရဥ္စရာသို့ ပြောဆိုသည်။
၎င်းအပြင် ရွာမပြင် အလက(ခွဲ)တွင် အဓိက ရင်ဆိုင်နေရသော ပြသနာမှာ ကျောင်းဆောင် မလုံလောက်ခြင်း ပင် ဖြစ်ကြောင်း၊ ကျောင်းသား ၅၀၀ ရှိသော ကျောင်းတွင် အလျားပေ (၁၂၀)၊ အနံ ပေ(၃၀) ရှိသော ကျောင်းဆောင် တစ်ဆောင်သာရှိကြောင်း၊ ကျောင်းသားများကို မနက်တစ်ချိန်၊ နေ့လယ် တစ်ချိန် နှစ်သုတ်ခွဲ၍ သင်ကြားနေကြရကြောင်း သိရှိရသည်။
“ မနက် ရ နာရီက ၁၂ နာရီ တစ်ချိန်၊ ၁၂ နာရီကနေ ၅ နာရီ ထိ တစ်ချိန် နှစ်သုတ်ခွဲပြီး သင်ကြားရပါတယ်။ နွေရာသီဆိုရင် ကျောင်းက ကျဉ်းပြီး လူက များတဲ့ အတွက် အရမ်း ပူအိုက်ပြီး ဒုက္ခဖြစ်ပါတယ်။ ဆောင်းဆိုရင် နည်းနည်း ခံသာပါတယ်။ မိုးဆိုရင် မိုးရေတွေစိုပြီး အထူးအခက်အခဲ ဖြစ်ပါတယ်” ဟု ၎င်းကျောင်းဆရာက ပြောဆိုသည်။
ရန်ကုန်မြို့မှ ရွာမပြင်ကျေးရွာသို့ လာရောက် လည်ပတ်ကြည့်ရှုခဲ့သူ မစန္ဒာကျော်ကမူ ရခိုင်ဒေသတွင် ကလေးများ၏ ပညာရေး အခုလို အခက်အခဲများစွာဖြင့် နိမ့်ကျနေသည်ကို မြင်တွေရသည့် အတွက် အထူး စိတ်မကောင်းကြောင်း ပြောဆိုသည်။







