တောင်ကုတ်ရွာမတွင် လူသတ်မှု ဖြစ်ပွား

တောင်ကုတ်ရွာမတွင် လူသတ်မှု ဖြစ်ပွား
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ရွာမကျေးရွာတွင် မတ်လ ၈ ရက်နေ့ ညနေက လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။

သေဆုံးသူမှာ ထွန်းထွန်းနိုင် (၃၀) နှစ် (ဘ)မောင်ခင်ထွန်း၏သား ဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားပုံနှင့် ပတ်သက်ပြီး ဇနီးဖြစ်သူ မသန်းသန်းနိုင် (၂၆) နှစ်က ပြောသည်မှာ ထွန်းထွန်းလှိုင်သည် တစ်ရပ်ကွက်တည်းနေ ဦးကျော်ကျော်အိမ်တွင် အိမ်တိုင်များကို အကူ သယ်ပေးပြီးနောက် ညနေ ရ နာရီ အချိန်တွင် အိမ်သို့ပြန်လည် ရောက်ရှိလာပြီး ရွာနားချောင်းတွင် ချည်ထားသောလှေအား ကြည့်ရှုရန် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း၊ ညနေ ၈ နာရီ အချိန်တွင် ဆွေမျိုးတော်စပ်သူ အမျိုးသမီး တစ်ဦးမှ  ရွာမ အထက်ပိုင်း အမက ကျောင်းအနီးတွင် လူတစ်ဦးလဲနေသည်ကို  တွေ့ရသည် ဟု ရွာသားများ ပြောနေကြကြောင်း၊ နင့်လင် အိမ်တွင်ရှိသလားဟု မေးမြန်းကြောင်း၊ မသန်းသန်းနိုင်က မရှိကြောင်း ပြောကြားပြီး မိခင်ဖြစ်သူ ဒေါ်မသန်းအေးနှင့် အတူ ဆွေမျိုးများကို ခေါ်ယူ၍ လက်နှိပ်ဓာတ်မီးများဖြင့် သွားရောက်ရှာဖွေရာ ဦးခေါင်းတွင် ဒဏ်ရများဖြင့် လဲနေသူ သူမ ယောင်္ကျား ထွန်းထွန်းနိုင်ကို တရပ်ကွက်တည်းနေ (ဘ) ဦးမောင်ကြီး၏သား မောင်မိုးမြင့်၏ ခြံဝင်းအတွင်း တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ညဥ့် ၁၂ နာရီအချိန်တွင် ရွာမရဲစခန်းသို့ တိုင်ကြားရာ  စခန်းမှူး ဦးအောင်မြင့်ထွန်းမှ အမှုလိုက် နယ်ထိန်းများနှင့် အတူ အခင်းဖြစ်ပွားရာသို့သွားရောက် စစ်ဆေးခဲ့သည်ဟု ဆိုသည်။

သေဆုံးသူ၏ ဦးခေါင်းတွင် ဓားဒဏ်ရာတစ်ချက်၊ ယာဖက် လည်ပင်းတွင် လှံနှင့် ထိုးသွင်းဒဏ်ရာ တစ်ချက်နှင့်  ၀ဲဘက် နားအောက်တွင် ထိုးသွင်း ဒဏ်ရာ တစ်ချက် စုစုပေါင်း သုံးချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း ရွာမရဲစခန်း တာဝန်ရှိသူက ပြောသည်။

သေဆုံးသူ အလောင်းအား ရွာမ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ရာ တိုက်နယ်ဆေးရုံတွင် ဆရာဝန် မရှိသည်မှာ နှစ်လခန့်ရှိနေပြီ ဖြစ်သဖြင့် ယနေ့ နံနက် ၁၀ နာရီတွင် ဆေးစစ်ရန် တောင်ကုတ်မြို့နယ် ဆေးရုံသို့ ထပ်မံ ပို့ဆောင်လိုက်ရသည်ဟု သိရသည်။

လူသတ်မှုကျူးလွန်သူ မောင်မိုးမြင့် (၃၀) နှစ်မှာ အိမ်မှ ထွက်ပြေး တိမ်းရှောင်လျက်ရှိပြီး သူ့အား ရွာမရဲစခန်းမှ အမှုအမှတ် (ပ) ၁၃/၂၁၀၆၊ ပြစ်မှု ပုဒ်မ ၃၀၂ အမှုဖွင့်ထားပြီး ထွက်ပြေးတိမ်းရှောင်နေသော မောင်မိုးမြင့်အား ဖမ်းဆီးနိုင်ရေး အတွက် စခန်းမှူး ဦးအောင်မြင့်ထွန်းမှ ကြီးကြပ်ပြီး အဖွဲ့ (၂) ဖွဲ့ခွဲကာ ရှာဖွေလျက်ရှိကြောင်း ရွာမရဲစခန်းမှ ပြောကြားသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...