၎င်းတံတားမှာ မြောက်ဦးမြို့နယ် တင်းထိန်ကန်၊ ရွာသစ်ကေ၊ပြလှ၊ ငစွယ်ကန်နှင့်
ကုလားချောင်း ကျေးရွာတို့အား ဆက်သွယ်ပေးမည့် အရှည် ၈၅ ပေ၊ အကျယ် ၆ ပေကျော်ခန့်ရှိ ၀ါး၊ ကွမ်းသီးပင်စည်များဖြင့် ဆောက်လုပ်ထားသည့် တံတား ဖြစ်ကြောင်း ကျေးရွာခေါင်းဆောင် တစ်ဦးက ပြောသည်။
“ ဒီတံတားကို တည်ဆောက်တာ ကျပ် ၁၄ သိန်းကုန်ကျပါတယ်။ အဲဒီငွေထဲမှာ လုပ်အားခ မပါဘူး။ ဒေသခံ ရွာသားတွေ ၀ိုင်းဝန်း ဆောက်တဲ့ အတွက် လုပ်အားခ အကုန်အကျ မရှိပါဘူး။ ဒီတံတားက ရွာငါးရွာကို ဆက်သွယ်ပေးထားတဲ့ အတွက် ဒေသအတွင်းမှာ အရေးပါတယ်။ အစိုးရက တံတား မထိုးပေးတော့ ကိုယ့်နည်းကိုယ်ဟန်နဲ့ သွားလာရေး လွယ်ကူအောင် စုပေါင်း တည်ဆောက်ကြတာ ဖြစ်ပါတယ်” ဟု ၎င်းကျေးရွာ ခေါင်းဆောင်က ပြောသည်။
ယခုတံတားမရှိပါက ချောင်းကို ကူးတို့ လှေငယ်များဖြင့် ဖြတ်ကူးရ၍ အန္တရာယ်များပြီး အထူးသဖြင့် ကျောင်းသား လူငယ်များ အတွက် စိုးရိမ်ရသဖြင့် ယခုတံတား တည်ဆောက်ခြင်းမှာ ဒေသခံ ပြည်သူများ အတွက် အလွန် အကျိုးရှိပါကြောင်း ဒေသခံ အမျိုးသမီး တစ်ဦးကလည်း ပြောဆိုသည်။







