ကလေးမြို့တွင် ချင်းလူငယ် ၂ ဦးကို စစ်တပ်က ဖမ်းဆီးပြီး သိန်း ၂၀၀ ဖြင့် ပြန်ရွေးခိုင်း

ကလေးမြို့တွင် ချင်းလူငယ် ၂ ဦးကို စစ်တပ်က ဖမ်းဆီးပြီး သိန်း ၂၀၀ ဖြင့် ပြန်ရွေးခိုင်း
ကလေးမြို့နယ်အတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်။ / CJ - ပုံဟောင်း
ကလေးမြို့နယ်အတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်။ / CJ - ပုံဟောင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မွန်လိုင်ရပ်ကွက်၌ နာရေးမဏ္ဍပ် ဆောက်လုပ်ပေးနေသည့် ချင်းလူငယ် ၂ ဦးကို စစ်တပ်က ဖမ်းဆီးသွားခဲ့ပြီး ကျပ်သိန်း ၂၀၀ ဖြင့် ပြန်လည်ရွေးခိုင်းကြောင်း ဒေသခံများက ပြောသည်။

မွန်လိုင်ရပ်ကွက်ရှိ MZBC အသင်းတော်မှ အသင်းသားတစ်ဦး၏ နာရေးတွင် မဏ္ဍပ်ဆောက်၍ ကူညီပေးနေ သည့် လူငယ် ၂ ဦးကို ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်နေ့က စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ကလေးမြို့ ဒေသခံ အမျိုးသားတစ်ဦးက “ပြီးခဲ့တဲ့ တနင်္လာနေ့က မွန်လိုင်မှာ MZBC အသင်းတော်က အသုဘ မှာ မဏ္ဍပ်ဆောက်နေတဲ့ လူငယ် ၂ ဦးကို စစ်သားတွေက ဖမ်းလိုက်တယ်။ တစ်ယောက်က Pu Lal Rin Zual ရဲ့သားပေါ့နော်။ သု့ကို သိန်း ၂၀၀ နဲ့ ရွေးခိုင်းတယ်။ အဲလိုနဲ့ ၁၄ ရက်နေ့ က လွှတ်ပေးတယ်။ နောက်သူနဲ့အတူ ဖမ်းခံရတဲ့ တစ်ယောက်ကိုတော့ ဘယ်လောက်နဲ့ရွေးခိုင်းမလဲ မသိဘူး” ဟု ပြောသည်။

ထို့ပြင် စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း တောင်ဖီလာရပ်ကွက်ရှိ နေအိမ်တစ်အိမ်သို့ နက်ပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ပြည်သူ့စစ်များ ဝင်ရောက်စီးနင်းခဲ့ရာ အိမ်အတွင်း ရှိနေသည့် လူငယ် ၂ ဦးမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။

သို့သော် ပြည်သူ့စစ်များသည် နေအိမ်တွင် ကျန်ရစ်သည့် မိခင်ဖြစ်သူကို ဖမ်းဆီးရန် ကြိုးပမ်းခဲ့ပြီး နောက်ဆုံး၌ ကျပ်သိန်း ၃၀ ပေးဆောင်ပါက ဖမ်းဆီးမည်မဟုတ်ကြောင်း ပြောဆိုကာ ခြိမ်းခြောက် ငွေညှစ်တောင်းခံခဲ့သည်။

၎င်းဒေသခံ အမျိုးသားက “တောင်ဖီလာရပ်ကွက်မှာ လူငယ်ရှိတဲ့ အိမ်တစ်အိမ်ကို ပြည်သူ့စစ်တွေက ဝင်စီးတာ။ သူတို့အလာကိုတွေ့လို့ အဲဒီလူငယ် လေးရယ် လာလည်တဲ့ သူ့သူငယ်ချင်းရယ် ၂ ယောက် ထွက်ပြေးသွားတယ်။ ဒါနဲ့ အဲဒီ ပြည်သူ့စစ်တွေကလဲ သူတို့ပြန်လာ တာကို စောင့်နေကြတယ်။ သူတို့လည်း အကြာကြီး မစောင့်နိုင် ဘူးလေ။ အဲလိုနဲ့ အဲဒီအိမ်က အမေဖြစ်သူကို ဖမ်းခေါ်သွားဖို့ လုပ်တယ်။ မဖမ်းဖို့တောင်းပန်ပြီး နောက်ဆုံး သိန်း ၃၀ ပေးရင် မဖမ်းတော့ဘူးဆိုပြီး ပြည်သူ့စစ်တွေက သဘောတူထား တယ်။ အဲဒီငွေကို စက်တင်ဘာလ မကုန် ခင် အကုန်ပေးရမယ်တဲ့” ဟု ဆက် ပြောသည်။

လက်ရှိတွင် ကလေးမြို့အတွင်း စစ်တပ်နှင့် နက်ပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ပြည်သူ့စစ်များသည် အိမ်စီး ကားများဖြင့် တစ်ဖွဲ့လျှင် ၅ ဦးမှ ၁၀ ဦးအထိ မြို့တွင်း လှည့်လည်သွားလာနေသည့်အပြင် အချို့မှာ အရပ်သား ဟန်ဆောင်ကာ လူစုလူဝေးရှိရာ နေရာများ၌ ကြိုတင်စောင့်ဆိုင်း ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိသည်။

September 19, 2026
စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည်...
ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...