စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည် ထောင်မှ လွတ်မြောက်လာပြီးနောက် ကင်ဆာရောဂါကြောင့် ရန်ကုန်မြို့တွင် ကွယ်လွန်သွားခဲ့ကြောင်း မိသားစု နှင့် နီးစပ်သူများက ပြောသည်။
အသက် ၃၂ နှစ်အရွယ် ဆလိုင်းဗန်ကျဲအိုထောင်း (Salai Van Ceu Thawng) သည် ထောင်မှ လွတ်လာပြီးနောက် အကြိတ်ကင်ဆာရောဂါ ခံစားနေရကြောင်း သိရှိရပြီး ရန်ကုန်မြို့တွင် ဆေးကုသမှုခံယူနေစဉ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
အစ်ကိုဖြစ်သူက “ထောင်ကလွတ်လာပြီး ဒီဇင်ဘာ ၄ ရက်နေ့မှာပဲ ကျန်းမာရေး သွားစစ်တာပါ။ ကလေးမြို့က ဆရာဝန်တွေက ရန်ကုန်ကို လွှဲလိုက်လို့ ရန်ကုန်ဆေးရုံမှာ စစ်ဆေးချက်အရ နှလုံးနဲ့ အဆုတ်ကြား အရေးကြီးတဲ့ နေရာမှာ အကြိတ်ရှိနေတာ တွေ့ရ တယ်။ ချက်ချင်းခွဲဖို့ အဆင်မပြေလို့ ၆ လအတွင်း ကင်ဆာဆေးသွင်းပြီးမှ ၂၀၂၆ ဇူလိုင် ၃၁ ရက်မှာ ခွဲစိတ်ခဲ့တာပါ။ အဲဒီနောက် ဆေးရုံကို ထပ်ခါထပ်ခါ ပြန်ပြခဲ့ရပေမဲ့ မကောင်းလာ တော့ဘဲ စက်တင်ဘာ ၁၃ ရက် မနက် ၁၀ နာရီခွဲမှာ ဆုံးသွားခဲ့တာပါ” ဟု ပြောသည်။
ကွယ်လွန်သူ ဆလိုင်းဗန်ကျဲအိုထောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့က ဟားခါးမြို့ရှိ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်သည့် ရုံးတစ်ခုတွင် COVID-19 ပရောဂျက်၌ တာဝန်ထမ်းဆောင်နေစဉ် စစ်အုပ်စုတပ်၏ ဖမ်းဆီး ခြင်းကို ခံခဲ့ရသူဖြစ်သည်။
ထို့နောက် ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်တရားစွဲဆိုကာ ကလေးမြို့အကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရပြီး စစ်ကြော ရေးတွင် နှိပ်စက်ခံရမှုကြောင့် အတွင်းဒဏ်ရာများ ရရှိခဲ့သည်။
ဆေးဝါးကုသမှုခံယူရန် ထောင်အာဏာပိုင်များထံ အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ခွင့်ပြုချက်မရရှိခဲ့သဖြင့် ထောင်တွင်း၌ ကျန်းမာရေးအခြေအနေ ဆိုးရွားလာခဲ့ရသည်။
၎င်းသည် ကလေးမြို့အကျဉ်းထောင်အတွင်း ၅ နှစ်နီးပါး ထိန်းသိမ်းခံခဲ့ရပြီးနောက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။
ဆလိုင်းဗန်ကျဲအိုထောင်းသည် ဟားခါးမြို့နယ် ဟရောင်းဗွန် (Hrawngvun) ရွာဇာတိဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူး ၄ ဘာသာဖြင့် အောင်မြင်ခဲ့သူ ရန်ကုန်ဆေးတက္ကသိုလ် (၁) ကျောင်းသားဟောင်းတစ်ဦး ဖြစ်သည်။
ဓာတ်ပုံ - Crd - Khonumthung News







