ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland က ထိန်းသိမ်းထားသော ဗိုလ်မှူး၊ ဗိုလ်ကြီးများ အပါအဝင် စစ်သုံ့ပန်း အများအပြား ထွက်ပြေးလွတ်မြောက် သွားကြောင်း ဒေသခံများနှင့် သတင်းရင်းမြစ်များက ပြောသည်။
PDF-Zoland နှင့် နီးစပ်သည့် ဒေသခံတစ်ဦးက “စစ်သုံ့ပန်းတွေ ထွက်ပြေးတယ်ဆိုတာ မှန်ပါတယ်။ အရေ အတွက် အတိအကျကိုတော့ မသိရသေးပေမဲ့ အစုလိုက် ထွက်ပြေးကြတာပါ။ ဒီနေ့တော့ ကပ်တီးလ်ရွာက လူတွေ ဘယ်သူမှ ရွာပြင်မထွက်ရဘူးလို့ သိထားရပါတယ်” ဟု ပြောသည်။
စစ်သုံ့ပန်းများ ထွက်ပြေးသွားပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များက လိုက်လံရှာဖွေလျက်ရှိသည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၃ ရက် ညဦးပိုင်းက တီးတိန်မြို့နယ်အတွင်းရှိ PDF-Zoland ထိန်းသိမ်းရေးစခန်းမှ စစ်သုံ့ပန်း ၂ ဦးက ရေချိုးရန် အကြောင်းပြကာ အချုပ်စောင့်တပ်ဖွဲ့ဝင်ကို ရိုက်နှက်၍ သေနတ်နှင့် ကျည်ဆန်များ လုယူပြီးနောက် ကျန်ရှိနေသည့် စစ်သုံ့ပန်းများကို လွှတ်ပေးကာ အစုလိုက် ထွက်ပြေးသွားကြခြင်းဖြစ်သည်။ အဆိုပါ ရိုက်နှက်ခံရသည့် အချုပ်စောင့်မှာလည်း ဒဏ်ရာများ ရရှိခဲ့သည်။
ယခု ထွက်ပြေးသွားသည့် စစ်သုံ့ပန်းများသည် စစ်ရေးအရ အရေးပါသော ကနေဒီတောင်စခန်းသိမ်း တိုက်ပွဲများ နှင့် စစ်အုပ်စုတပ်၏ တန်ပြန်ထိုးစစ်များအတွင်း ဖမ်းဆီးရမိထားသူများ ဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းကလည်း PDF-Zoland ထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၁၀ ဦးထက်မနည်း ထွက် ပြေးလွတ်မြောက်ခဲ့ဖူးပြီး ၎င်းတို့ကို စစ်အုပ်စုတပ်က ကလေးမြို့ စစ်ဆေးရေးဂိတ်များတွင် ပြန်လည်တာဝန်ချ ထားသဖြင့် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းအချက်အလက် ပေါက်ကြားမည်ကို ဒေသခံများနှင့် တော်လှန် ရေးအဖွဲ့များက စိုးရိမ်နေကြသည်။
ဒေသခံတစ်ဦးက “ဩဂုတ်လတုန်းကလည်း စစ်သုံ့ပန်းတွေ ထွက်ပြေးသွားတယ်။ အဲဒါကို စစ်တပ်က ကလေး မြို့ စစ်ဆေးရေးဂိတ်တွေမှာ ပြန်တာဝန်ချထားတော့ တော်လှန်ရေးတပ်ဖွဲ့တွေအတွက် တော်တော် စိုးရိမ်စရာ ဖြစ်တယ်။ သူတို့က ဂိတ်မှာ ရှိနေမှတော့ ဘယ်သူက ဘယ်ကလဲဆိုတာ အကုန်သိနေတာလေ။ အလင်းဝင်လာ တာတွေကိုလည်း ဒီအတိုင်း လွယ်လွယ်နဲ့ မယုံသင့် တော့ဘူး” ဟု ပြောသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ PDF-Zoland တာဝန်ရှိသူတစ်ဦးက “ဒီကိစ္စနဲ့ပတ်သတ်ပြီး နောက်ပိုင်းကျရင် အသေးစိတ်ပြန် ပြောပါမယ်၊ ခုချိန်ဖမ်းဆီးနေတဲ့အချိန်မှာ ဘာမှမပြောတာကောင်းလို့ပါဗျ။ အသက်နဲ့ရင်းတဲ့ အရာမို့လို့နားလည် ပေးဖို့ တောင်းဆိုပြရစေ” ဟု တုံ့ပြန်ထားသည်။
ယခု ၂၀၂၆ ခုနှစ်တွင် ချင်းပြည်ရှိ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော မြို့များကို စစ်အုပ်စုတပ်က သာလွန်အင်အားဖြင့် ပြန်လည်ထိုးစစ်ဆင်ပြီးနောက် ချင်းပြည်မြောက်ပိုင်းရှိ မြို့များ ပြန်လည် ထိန်းချုပ်လာ သည်နှင့်အမျှ တော်လှန်ရေးအဖွဲ့များ ဖမ်းဆီးထိန်းသိမ်းထားသော စစ်သုံ့ပန်းများ ထွက်ပြေးလွတ်မြောက်သည့် သတင်းများ မကြာခဏ ကြားလာရသည်။
ထို့ပြင် တော်လှန်ရေးတပ်ဖွဲ့များ၏ စခန်းအချို့ကိုလည်း စစ်အုပ်စုတပ်က နေရာအတိအကျ ထိမှန်တိုက်ခိုက်မှု များ ပြုလုပ်လာနေခြင်း ဖြစ်သည်။







