ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ဒေသများသို့ ရေဘေးကူညီကယ်ဆယ်ရေးပစ္စည်းများ လုံခြုံမြန်ဆန်စွာ ရောက်ရှိစေရန် ရည်ရွယ်၍ နှစ်ပတ်ကြာမြင့်မည် ဖြစ်သည့် အခမဲ့ သယ်ယူပို့ဆောင်ရေးယာဉ် ဝန်ဆောင်မှုကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က စတင်လိုက်ကြောင်း စက်တင်ဘာလ ၃ ရက်နေ့တွင် ကြေညာသည်။
အဆိုပါ ဝန်ဆောင်မှုကို ရေဘေးဒဏ် ဆိုးဆိုးရွားရွား ခံစားနေရသည့် လေးမျက်နှာ၊ ရေကြည်နှင့် ငါးသိုင်းချောင်း မြို့နယ်တို့တွင် ဦးစားပေး စတင်မည်ဖြစ်ပြီး လိုအပ်ချက်အရ တိုးချဲ့သွားမည် ဖြစ်ကြောင်း သိရသည်။
WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မိုက်ကယ် ဒန်းဖို့ဒ် က “ကျနော်တို့ရဲ့ ပို့ဆောင်ရေး လမ်း ကြောင်းတွေကို မိတ်ဖက်အဖွဲ့အစည်းတွေအသုံးပြုနိုင်အောင် စီစဉ်ပေးလိုက်တဲ့အတွက် အကူအညီ အလိုအပ် ဆုံးသူတွေဆီကို စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာတွေ အမြန်ဆုံးနဲ့ အလုံခြုံဆုံး ရောက်ရှိသွားအောင် ကျနော်တို့အားလုံး လက်တွဲလုပ်ဆောင်နိုင်ကြမှာဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
ကနဦးတွင် ဝန်ဆောင်မှုပေးမည့် အချိန်ကာလကို နှစ်ပတ် သတ်မှတ်ထားသော်လည်း သွားလာပို့ဆောင်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များ ဆက်လက်ရှိနေပါက အချိန်ထပ်မံ တိုးမြှင့်ပေးသွားမည်ဟု WFP က ဆိုသည်။
ထို့ပြင် ရေဘေးကယ်ဆယ်ရေး အဖွဲ့အစည်းများအနေဖြင့် စားနပ်ရိက္ခာ၊ ရေနှင့် ဆေးဝါး၊ တစ်ကိုယ်ရည် သန့်ရှင်း ရေးပစ္စည်းများ အပါအဝင် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် လူသားချင်းစာနာမှုဆိုင်ရာ ကုန်စည်များ အားလုံး အတွက် WFP ၏ ဝန်ဆောင်မှုကို အသုံးပြုနိုင်မည် ဖြစ်သည်။
WFP သည် ဧရာဝတီတိုင်း ရေဘေးကို ကူညီပေးနေသည့် အချိန်တည်းမှာပင် စစ်ကိုင်းတိုင်းဒေသကြီး၌လည်း အရေးပေါ် စားနပ်ရိက္ခာ တုံ့ပြန်ရေးအစီအစဉ်ကို စတင်ဆောင်ရွက်နေပြီး ဒေသနှစ်ခုလုံးပေါင်း ရေဘေးသင့် ပြည်သူ ၁၅,၀၀၀ ကို ရိက္ခာထောက်ပံ့ပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တုန်းကလည်း မြန်မာနိုင်ငံရှိ မုန်တိုင်းတိုက်ခတ်မှုနှင့် ရေဘေးဖြစ်ပွားမှုအတွင်း ထိခိုက် နစ်နာခဲ့ရသည့် ဧရာဝတီတိုင်း အပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးမှ ရေဘေးသင့်ပြည်သူ သိန်းနှင့်ချီအတွက် WFP က စားနပ်ရိက္ခာ အကူအညီများ ထောက်ပံ့ပေးခဲ့သည်။
ဓာတ်ပုံ - WFP







