ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်း ဧကပေါင်း ၃၈၀,၉၈၄ ဒသမ ၁ ရှိ ဌာနေတိုင်း ရင်းသားများ၏ မိရိုးဖလာ စီမံအုပ်ချုပ်ရေးစနစ် နယ်မြေ ‘ကော်’ ၃၃ ခုကို KNU ဗဟိုက စက်တင်ဘာလ ၃ ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်တစ်နေရာ၌ လက်မှတ်ရေးထိုး အတည်ပြုလိုက်သည်။
‘ကော်’ ဆိုသည်မှာ ခေတ်သစ် အုပ်ချုပ်ရေးစနစ် မပေါ်ပေါက်မီကတည်းက တည်ရှိခဲ့သော ဌာနေကရင်လူမျိုး များ၏ မိရိုးဖလာ ဓလေ့ထုံးတမ်းများနှင့်အညီ ဒေသတွင်း မြေယာ၊ တောတောင်နှင့် သဘာဝသယံဇာတများကို ကာကွယ် ထိန်းသိမ်း စီမံအုပ်ချုပ်သည့် နယ်မြေစနစ် ဖြစ်သည်။
KNU ၏ အချက်အလက်များအရ အဆိုပါ ‘ကော်’ ၃၃ ခုအနက် မူတြော် (ဖာပွန်) ခရိုင်၊ သံလွင်ငြိမ်းချမ်းရေး ဥယျာဉ် ဧရိယာအတွင်း ၁၀ ခု ပါဝင်ပြီး တောအူး (တောင်ငူ) ခရိုင်ရှိ သောသီတောအူး ဌာနေလူမျိုးစုများဥယျာဉ် ဧရိယာ၌ ၂၃ ခု ပါဝင်သည်။
ယခုကဲ့သို့ အတည်ပြုရခြင်းမှာ ဌာနေတိုင်းရင်းသားများ၏ မြေယာပိုင်ဆိုင်ခွင့်ကို ကာကွယ်ရန်၊ သဘာဝပတ်ဝန်း ကျင်နှင့် တောတောင်၊ ရေ၊ မြေများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းရန်နှင့် ကရင်လူမျိုးတို့၏ မိရိုးဖလာ ရိုးရာယဉ်ကျေးမှု အမှတ်လက္ခဏာများ မပျောက်ပျက်စေရန်အတွက် ဖြစ်ကြောင်း KNU ဗဟိုက ဆိုသည်။
KNU ဗဟို လယ်ယာနှင့် စိုက်ပျိုးရေးဌာန တာဝန်ခံ ပဒိုစောလေစေးက “ဒီလိုအတည်ပြုခြင်းအားဖြင့် ဌာနေ လူထုတွေအတွက် သူတို့နယ်မြေမှာ သူတို့ဘာသာစီမံအုပ်ချုပ်ပြီး မိရိုးဖလာအတိုင်း လုပ်ကိုင်စားသောက်နိုင်ဖို့၊ ရိုးရာဓလေ့ထုံးထမ်းတွေကို ထိန်းသိမ်းနိုင်ဖို့ကောင်းကျိုးတွေရှိမယ်“ ဟု ပြောသည်။
‘ကော်’ အဖြစ် အတည်ပြု လက်မှတ်ရေးထိုးခြင်းကို KNU ဗဟို လယ်ယာမြေကော်မတီ ဥက္ကဋ္ဌ ပဒိုစောအဲ့ကလူစေး က ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်နှင့် ကျေးရွာများထံ ပြန်လည် ပေးအပ်သွားမည် ဖြစ်သည်။
‘ကော်’ တစ်ခုစီတွင် မိရိုးဖလာ မြေယာစီမံခန့်ခွဲမှုစနစ် အသုံးပြုခြင်း၊ ရိုးရာခေါင်းဆောင်များ၏ စီမံအုပ်ချုပ်မှု ရှိခြင်း၊ မြေယာ၊ တောတောင်နှင့် သယံဇာတများကို ဓလေ့ထုံးတမ်း ဥပဒေနှင့်အညီ စီမံအုပ်ချုပ်သည့် အချက် များ ပါဝင်သည်။
ခေတ်အဆက်ဆက် အာဏာရှင် စစ်အစိုးရများသည် ဌာနေလူထု၏ ဓလေ့ထုံးတမ်းများကို ကာကွယ်မြှင့်တင်ရန် ငြင်းပယ်ခဲ့သော်လည်း ယခု ‘ကော်’ များကိုမူ အောက်ခြေမှ တက်လာသည့် ဌာနေလူထု၏ မိမိကိုယ်ကိုယ် စီမံ အုပ်ချုပ်မှု စနစ်ဖြင့်သာ သွားမည်ဟု ပဒိုစောလေစေးက ဖြည့်စွက်ပြောသည်။
ကော်သူးလေ နယ်မြေအတွင်း နယ်မြေစီမံအုပ်ချုပ်မှုနှင့် မိရိုးဖလာ ဓလေ့ထုံးတမ်း ကာကွယ်ထိန်းသိမ်းမှု အခြေ အနေများနှင့် ပတ်သက်၍ အချက်အလက်နှင့်တကွ တင်သွင်းထားသည့်နေရာ ၃၀၀ ကျော် ရှိသည့်အနက် လက်ရှိတွင် ၃၃ ခုကိုသာ အတည်ပြုနိုင်သေးကြောင်း သိရသည်။
KNU ဗဟိုအနေဖြင့် ယခု "ကော်" များကို ဒုတိယအကြိမ်အဖြစ် အတည်ပြုခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်က တောအူး ခရိုင်တွင် ၄ ခု၊ မူတြော်ခရိုင်တွင် ၁ ခု၊ စုစုပေါင်း "ကော်" ၅ ခုကို ပထမအကြိမ် အတည်ပြုခဲ့ဖူးသည်။







