ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့် ဆက်စပ်ပစ္စည်းအချို့သည် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် မြစ်အတွင်း မျောပါလာသဖြင့် ဒေသခံ အချို့က ဆယ်ယူမှုများ ပြုလုပ်နေကြသည်။
ထို့ကြောင့် မြစ်ကြောင်းကို နေ့စဉ် အသုံးပြု၍ သွားလာနေကြသည့် အရပ်သားများအနေဖြင့် မြစ်အတွင်း မျောပါလာသည့် အမည်မသိ ပစ္စည်းများကို သတိထားရန် လိုအပ်လျက်ရှိသည်။
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်၊ ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ စစ်သင်္ဘောအုပ်စုသည် ရွှေကူမြို့နယ်နှင့် စင်းခန်းတံတားအနီးတွင် တိုက်ခိုက်ခံရသဖြင့် သင်္ဘောအချို့ မီးလောင် ပျက်စီးခြင်း၊ နစ်မြုပ်ခြင်းနှင့် သိမ်းဆည်းခံရခြင်းများ ရှိခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုများနောက်ပိုင်း မြစ်ရေအတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းများနှင့် အခြား ပစ္စည်း များကို ဧရာဝတီမြစ်ကမ်းဘေးတွင် နေထိုင်သူအချို့က တွေ့ရှိကာ ဆယ်ယူရရှိနေခြင်း ဖြစ်သည်။
စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “အခု စစ်လက်နက်ပစ္စည်းတွေက ကျနော်တို့ မြစ်ရိုးတစ်လျှောက်ကို မျှောပါ နေတာဆိုတော့ အရပ်သားတွေက နေ့စဉ်နဲ့အမျှ မြစ်ကို ကူးသန်းသွားလာနေတာ။ ဥပမာ မျှောပါနေတဲ့ ပစ္စည်း တွေကို တိုက်မိတာမျိုး၊ စက်နဲ့ခုတ်မိတာ၊ ပန်ကာနဲ့ခုတ်မိတာမျိုးဆိုရင် အများကြီး ဒုက္ခရောက်သွားနိုင်တယ်။ လူတွေသေဆုံးတာ၊ မှောက်တာတွေ ဖြစ်လာနိုင်တယ်” ဟု ၎င်း၏ စိုးရိမ်ချက်ကို ပြောသည်။
မြစ်အတွင်း မျောပါလာသည့် ပစ္စည်းတစ်ခုသည် စစ်လက်နက်ပစ္စည်း ဟုတ်၊ မဟုတ်ကို အပြင်ပန်း ကြည့်ရုံဖြင့် ခွဲခြားရန် မလွယ်ကူသကဲ့သို့ ပေါက်ကွဲစေတတ်သော ပစ္စည်းများ၊ လက်နက်အစိတ်အပိုင်းများနှင့် အခြား အန္တရာယ်ရှိသော ပစ္စည်းများ ဖြစ်နိုင်သဖြင့် မသိရှိပါက ကိုင်တွယ်ခြင်းနှင့် ရွှေ့ပြောင်းခြင်းများ မပြုလုပ်သင့်ပေ။
အထူးသဖြင့် မြစ်အတွင်း စက်လှေ၊ လှေများဖြင့် သွားလာသူများအနေဖြင့် မျောပါလာသည့် ပစ္စည်းများကို ရှောင်တိမ်းရန် လိုအပ်ပြီး အမည်မသိ စစ်လက်နက်ပစ္စည်းတစ်ခုကို တွေ့ရှိပါက မကိုင်ပါနှင့်၊ မရွှေ့ပါနှင့်၊ မကန် ပါနှင့်၊ စက်ဖြင့် မထိပါနှင့်၊ အနီးကပ် မသွားပါနှင့် ဆိုသည့် အခြေခံ အန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းများကို လိုက်နာသင့်သည်။
အလားတူ ကလေးငယ်များကိုလည်း မြစ်ကမ်း၊ လှေဆိပ်နှင့် မြစ်အတွင်း တွေ့ရသည့် သံထည်ပစ္စည်း၊ သေတ္တာ၊ အထုပ်အပိုးနှင့် မသိသည့် ပစ္စည်းများကို မကိုင်တွယ်ရန် သတိပေးထားသင့်သည်။
လက်ရှိတွင် ဧရာဝတီမြစ်အထက်ပိုင်းတစ်လျှောက် စစ်ရေးပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသည့်အပြင် စစ်အုပ်စုတပ် စစ်သင်္ဘောများနှင့် ဆက်စပ်သည့် တိုက်ခိုက်မှုများပါ ရှိထားသဖြင့် မြစ်ကြောင်းအသုံးပြုသူများ အနေဖြင့် ပိုမိုသတိထားရန် လိုအပ်လျက်ရှိသည်။
သို့ဖြစ်ပါ၍ မြစ်ရိုးတစ်လျှောက်ရှိ စက်လှေ၊ လှေသမားများနှင့် ဒေသခံများအနေဖြင့် မျောပါလာသည့် အမည် မသိ ပစ္စည်းများကို တွေ့ရှိပါက မထိ၊ မရွှေ့၊ မဆယ်ယူဘဲ အခြားသူများကိုလည်း အနီးမကပ်စေဘဲ သက် ဆိုင်ရာထံ အကြောင်းကြားရန် အထူး အရေးကြီးကြောင်း ဖော်ပြထားသည်။







