ဆိုလာသုံးစွဲပါက တစ်နှစ်လျှင် ယွမ် ၇၀၀ အခွန်ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

ဆိုလာသုံးစွဲပါက တစ်နှစ်လျှင် ယွမ် ၇၀၀ အခွန်ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်
သိန္နီရှိ ရေအားလျှပ်စစ် စီမံကိန်းအား MNDAA တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေးစဉ်
သိန္နီရှိ ရေအားလျှပ်စစ် စီမံကိန်းအား MNDAA တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေးစဉ်

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သည် ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်မြေ အတွင်း ဆိုလာစနစ် အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ်လ ၁၂ ရက်) တွင် သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်အရ ဆိုလာစနစ် အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာ အတွက် အခွန်ယွမ်ငွေ ၇၀၀ (မြန်မာကျပ်ငွေ ၄ သိန်းခွဲခန့်) ကို တစ်ကြိမ်တည်း ပေးဆောင်ရမည် ဖြစ်သည်။

ထို့ပြင် ဆိုလာစနစ် အသုံးပြုသူများအနေဖြင့် မိမိတို့၏ ကိုယ်ရေးအချက်အလက်များအပြင် အသုံးပြုသည့် ဆိုလာပစ္စည်းအမျိုးအစား၊ ဗို့အားနှင့် ဘက်ထရီ အသေးစိတ်တို့ကိုပါ အထူးဒေသ (၁) ရေနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ကုမ္ပဏီလီမိတက်တွင် မဖြစ်မနေ မှတ်ပုံတင်ရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

‘၁၀၂၇ စစ်ဆင်ရေး’ ကာလအတွင်း ၃ နှစ်နီးပါးကြာ လျှပ်စစ်မီး ပြတ်တောက်နေစဉ် မိမိတို့အစီအစဉ်ဖြင့် ဆိုလာ တပ်ဆင်ခဲ့ရသည့် ဒေသခံများမှာ ယခုအခါ မီတာခ ဈေးကြီးသည့်အပြင် ဆိုလာအခွန်ကိုပါ နှစ်စဉ် ပေးဆောင် ရမည့် အခြေအနေကြောင့် အခက်တွေ့နေကြကြောင်း ဒေသခံများက ပြောသည်။

သိန္နီမြို့ခံ အမျိုးသမီးတစ်ဦးက “မီးမရတဲ့ ၃ နှစ်လုံးလုံး ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဆိုလာတပ်ခဲ့ရတာ။ အခု မီးပြန်ရ တော့လည်း တစ်ယူနစ် ၄၀၀ ပေးရတယ်။ လားရှိုးမှာက ၁၀၀ တောင် မရှိဘူး။ အခုက ဆိုလာအတွက်ပါ တစ်နှစ်ကို ၄ သိန်းခွဲလောက် ထပ်ဆောင်ရမယ်ဆိုတော့ ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေတာ” ဟု ပြောသည်။

MNDAA ၏ ထုတ်ပြန်ချက်တွင် ဆိုလာစနစ်များကို မြို့ပြလျှပ်စစ်လိုင်းနှင့် သီးခြားခွဲထားရမည်ဖြစ်ပြီး စည်းကမ်း မလိုက်နာပါက ဒဏ်ငွေ ၅ ဆမှ ၁၀ ဆအထိ ပေးဆောင်ရမည့်အပြင် ဥပဒေဖြင့် အရေးယူမည်ဟု ပါရှိသည်။

လက်ရှိတွင် MNDAA သည် သိန္နီမြို့အနောက်ဘက် ဟိုနားကျေးရွာအနီးရှိ ၁၂,၆၀၀ ကီလိုဝပ် (၁၂.၆ မဂ္ဂါဝပ်) ထွက်ရှိသော ရေအားလျှပ်စစ်စက်ရုံမှတစ်ဆင့် လျှပ်စစ်မီး ဖြန့်ဖြူးပေးနေခြင်း ဖြစ်သည်။

အဆိုပါ လျှပ်စစ်စီမံကိန်းကို "အထူးဒေသ (၁) ရေပေးဝေရေးနှင့် လျှပ်စစ်စွမ်းအား ကုမ္ပဏီလီမိတက် (Myanmar Federal First Special Region Water and Power Co., Ltd.)" က ဆောင်ရွက်နေခြင်းဖြစ်ပြီး ဒေသတွင်း တရုတ်ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်နိုင်ရန်နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ လည်ပတ်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ဆိုသည်။

ယခုအခါ သိန္နီ၊ ကွတ်ခိုင်နှင့် တာမိုးညဲမြို့များအပြင် လားရှိုးမြို့အစပ်ရှိ ကျေးရွာများအထိ လျှပ်စစ်မီး ဖြန့်ဖြူးရန် စီစဉ်နေသော်လည်း အိမ်သုံးမီတာခ တစ်ယူနစ် ကျပ် ၄၀၀ မှ စီးပွားရေးလုပ်ငန်းသုံး ကျပ် ၇၀၀ အထိ သတ်မှတ် ထားသည့် နှုန်းထားများမှာ ဒေသခံများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေဆဲပင် ဖြစ်သည်။

ဓါတ်ပုံ - ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်
August 21, 2026
သျှမ်းပြည်အတွင်း စစ်ရေးပဋိပက္ခများနှင့် စီးပွားရေး ကျပ်တည်းမှုများကြောင့် ယခု ၂၀၂၆-၂၀၂၇...
(တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးအမှတ် ၁ တံတား နယ်စပ်ဂိတ် မြင်ကွင်း။)
August 21, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့်...
August 20, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က...
ဓာတ်ပုံ - (သျှမ်းတောင်ရှိ စစ်တပ်စစ်ဆေးရေးဂိတ် / Crd)
August 20, 2026
စစ်အုပ်စုတပ်၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်...