သျှမ်းပြည်မြောက်ပိုင်း၊ မဘိမ်းမြို့ပေါ်နှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ကြောင့် လူထိခိုက်မှုများ ရှိခဲ့သည်။
ယမန်နေ့ (ဇူလိုင်လ ၃၀ ရက်) ညနေ ၃ နာရီခွဲကျော်တွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ်ထား သည့် မဘိမ်းမြို့ပေါ် ရဲစခန်းနေရာဟောင်းနှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးနှင့် ကလေးငယ် အပါအဝင် ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
မိုးမိတ်ဒေသခံ အမျိုးသားတစ်ဦးက “မဘိမ်းမြို့ပေါ်နဲ့ တောင်ဘက်က မြစ်ဆုံဘက်နားမှာ ဗုံးတစ်လုံးစီ ချသွား တယ်။ မြို့ပေါ်မှာက ရဲစခန်းနေရာဟောင်းနား ကျတယ်။ မြစ်ဆုံဘက်က ဘဟဲရွာနား ကျပြီးတော့ ၅ ယောက် လောက် ထိတယ်။ ကလေးတစ်ယောက်တော့ သိတယ်၊ ကျန်တာ အမျိုးသမီးလည်း ပါတယ်” ဟု သျှမ်းသံတော် ဆင့်သို့ ပြောသည်။
KIA ထိန်းချုပ်ထားသည့် မဘိမ်းမြို့ပေါ်နှင့် အနီးဝန်းကျင် ကျေးရွာများသို့ စစ်တပ်က လေကြောင်းဗုံးကြဲ တိုက် ခိုက်ခဲ့ခြင်းနှင့် ပတ်သက်ပြီး KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူထံ သျှမ်းသံတော်ဆင့်မှ ဖုန်းဖြင့် ဆက် သွယ်မေးမြန်းခဲ့သော်လည်း လတ်တလောတွင် သတင်းပြန်ကြားရေး မလုပ်ကြောင်းသာ ပြန်လည် ဖြေကြားခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက် နံနက်ပိုင်းကလည်း မဘိမ်းမြို့ပေါ် ရပ်ကွက် (၂) တိုက်ကုန်းရပ်ကွက်ရှိ ဆေးရုံနှင့် ရပ်ကွက် (၃) ကုန်းခါးရပ်ကွက်ရှိ ရဲစခန်းအနီးတစ်ဝိုက်ကို စစ်တပ်က လေကြောင်းဗုံးဖြင့် လေးကြိမ်တိုင်တိုင် ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောပြသည်။
မဘိမ်းမြို့ပေါ်ရှိ အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း မိုးမိတ်ပြည်သူ့ကာကွယ်ရေး (ပကဖ) တပ်ဖွဲ့ဝင် နှစ်ဦးလည်း ကျဆုံးခဲ့ကြောင်း ဒေသခံများက ပြောဆိုသော်လည်း သျှမ်းသံတော်ဆင့်အနေဖြင့် သီးခြားအတည် ပြုနိုင်ရန် ဆက်လက်စုံစမ်းဆဲ ဖြစ်သည်။
မဘိမ်းမြို့နယ်ကို KIA က ၂၀၂၄ ခုနှစ်ကတည်းက နှစ်နှစ်ကျော်ကြာ ထိန်းချုပ်ထားပြီး စစ်တပ်ထံ TNLA ပြန်လွှဲ အပ်ခဲ့သည့် မိုးမိတ်မြို့နယ်နှင့် ဆက်စပ်လျက် ရှိသည်။
လက်ရှိတွင် အတုအယောင် ရွေးကောက်ပွဲမှတစ်ဆင့် ဖွဲ့စည်းထားသည့် စစ်အုပ်စုနှင့် သျှမ်းပြည်အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်များ နေပြည်တော်တွင် ခပ်စိပ်စိပ် တွေ့ဆုံဆွေးနွေးလာခြင်းကြောင့် စစ်တပ်နှင့် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသည့် KIA ထိန်းချုပ်နယ်မြေများတွင် စစ်ရေးအရ ဖိအားပေး တိုက်ခိုက်လာနိုင်ကြောင်း နိုင်ငံရေးနှင့် စစ်ရေးလေ့လာသူများက သုံးသပ်ပြောဆိုကြသည်။







