ချင်းပြည်နယ်၊ ဟားခါးမြို့တွင် တာဝန်ကျနေသည့် တပ်မ (၇၇) လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးသည် တိုက်ပွဲ ပြင်းထန်နေသော ထန်တလန်စစ်မျက်နှာသို့ စစ်တိုက်ရန် စေခိုင်းခံခဲ့ရာမှ ဇွန်လ ၂၅ ရက်နေ့တွင် CDF-Hakha ထံသို့ လက်နက်မဲ့ ဝင်ရောက်ခိုလှုံခဲ့ကြောင်း သိရသည်။
ပြည်သူ့ရင်ခွင်ခိုလှုံလာသူတပ်ဖွဲ့ဝင်များမှာ အသက် ၂၃ နှစ်အရွယ်ရှိ အာကာဖြိုး နှင့် ထက်ရှားဇော် တို့ ဖြစ်ကြပြီး ၎င်းတို့သည် မကြာသေးခင်က ဟားခါးမြို့တွင် တာဝန်ပေးအပ်ခြင်းခံရမှုကြောင့် ရောက်ရှိလာသူများဖြစ်ကြပြီး ပြီးခဲ့သည့်တစ်ပါတ်ခန့်က ထန်တလန်မြို့ စစ်မြေပြင်သို့ အင်အားဖြည့်တင်းရန် စေလွှတ်ခြင်းခံရစဉ် လမ်းခရီး၌ ထွက်ပြေးတိမ်းရှောင်လာခဲ့ခြင်း ဟု သိရသည်။
“ဟားခါးမြို့ထဲမှာ တာဝန်ပေးထားတာ မကြာသေးတဲ့ ပြည်သူ့စစ်တွေပါ။ ဘာဖြစ်လို့ CDM လုပ်တာလဲလို့ သူတို့ကို မေးကြည့်တော့ စစ်တပ်က သူတို့ကို အတင်းအဓမ္မ စစ်တိုက်ခိုင်းတယ်၊ နားရက်လည်း လုံးဝမရှိဘဲ ခိုင်းတယ်၊ သေတဲ့ သူတွေလည်း အရမ်းများလာပြီလို့ ပြောတယ်။ ဒါကြောင့် သူတို့ အသက်မသေချင်လို့ ထွက်ပြေးလာကြတာလို့ ပြောပါတယ်” ဟု CDF-Hakha တပ်ရင်း (၄) တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီလက်အောက်မှ ပြည်သူ့ဘက်သို့ ကူးပြောင်းလာသည့် ၎င်းပြည်သူ့စစ် ၂ ဦးအတွက် CDF-Hakha ဘက်မှ နည်းလမ်းမျိုးစုံဖြင့် လုံခြုံရေးနှင့် ရှေ့ဆက်မည့် ခရီးစဉ်များကို အပြည့်အဝ တာဝန်ယူ ဆောင်ရွက်ပေးထားကြောင်း CDF-Hakha ထံမှ သိရသည်။
ယခုကဲ့သို့ အာဏာရှင်လက်အောက်တွင် မနေချင်တော့ဘဲ ပြည်သူ့ရင်ခွင်ခိုလှုံလာသူများအား CDF-Hakha မှ ဘေးကင်းစွာ ချိတ်ဆက်နိုင်ရန် လမ်းကြောင်းများ ဖော်ဆောင်ပေးခြင်းနှင့် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံမှု အတွက် ကူညီပေးခြင်း၊ လိုရာခရီး ပို့ဆောင်ပေးခြင်းများ ဆောင်ရွက်ပေးကြောင်း သိရသည်။
ထို့အပြင် တရားမဝင် စစ်မှုထမ်းဥပဒေနှင့် အတင်းအဓမ္မ စစ်တိုက်ခိုင်းမှုများကြောင့် စစ်ကောင်စီလက်အောက်မှ စွန့်ခွာ လိုသည့် တပ်ဖွဲ့ဝင်များ ပိုမိုများပြားလာစေရန်နှင့် ၎င်းတို့ ဘေးကင်းစွာ ထွက်ပြေးလွတ်မြောက်နိုင်ရန်အတွက် မိဘပြည်သူများအားလုံးကလည်း လမ်းခရီးတစ်လျှောက်တွင် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီစောင်မပေးကြပါရန် CDF-Hakha က တိုက်တွန်းနှိုးဆော်ထားသည်။







