မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသ အရှေ့ကမ်း၊အနောက်ကမ်းနဲ့ အင်းမြှီးဒေသတွေရှိ ကျေးရွာတွေမှာ KIA+PDF နဲ့ SSIA ပူးပေါင်းအဖွဲ့တို့က အခုဇွန်လကနေစပြီး တစ်အိမ်ကိုငွေကျပ်(၃)သိန်းစီကောက်ခံနေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
“ တစ်အိမ်ကို ငွေသုံးသိန်းမဖြစ်မနေ ပေးရမယ်လို့ပြောတယ် တစ်ချို့ရွာတွေကတော့ပေးပြီးကြပြီ ကြားတယ်။ ပိုက်ဆံကိုဘာအတွက်ကောက်တယ်ဆိုတာတော့မသိဘူး ကျွန်တော်တို့လည်းကြောက်တယ်လေ မမေးရဲဘူး ပိုက်ဆံကိုသူတို့ကောက်ချင်တဲ့အချိန်ကောက်တယ် သူတို့ခေါ်တဲ့အစည်းအဝေးတွေတက်ရင်လည်း သုံးသောင်းပေးရတယ်"လို့ အင်းအရှေ့ကမ်း ကျေးရွာတွေအတွင်းနေထိုင်သူတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။
မထည့်ဝင်မနေရ အတင်းအဓမ္မကောက်ခံနေတာဖြစ်ပြီး ကောက်ခံရခြင်းအကြောင်းရင်းကိုလည်းမသိရဘူးလို့ ဆိုကြပြီး ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က ဦးဆောင်ပြုလုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရိက္ခာအတွက်ဟုဆိုကာ လယ်တစ်ဧကကို စပါးတင်း(၂၀)ပေးဆောင်ရမယ်လို့ KIA က သူတို့စတင်ထိန်းချုပ်ခဲ့တဲ့ လွန်ခဲ့တဲ့နှစ်တွေကတည်းက သတ်မှတ်ကောက်ခံနေသလို မပေးဆောင်ပါက လယ်ယာလုပ်ပိုင်ခွင့်ပိတ်ပင်တယ်လို့လည်း တောင်သူလယ်သမားများထံမှ သိရပါတယ်။
“စပါးကောက်တာက KIA လေ ကြာပြီ သူတို့ဝင်ကတည်းကပါ့ သူတို့ထိန်းချုပ်ထားတဲ့ရွာတွေထဲက တောင်သူလယ်သမားတွေကိုလည်း တစ်ဧကကိုစပါးတင်း(၂၀)နှုန်းနဲ့ကောက်ခံနေပါတယ်။ မပေးနိုင်ရင်လယ်လာမလုပ်နဲ့လို့ပြောတယ်ဗျ ကျွန်တော်တို့ ရှမ်းနီလူထုတွေအရမ်းဒုက္ခရောက်နေကြပြီ" လို့ ဒေသခံရှမ်းနီတိုင်းရင်းသားတစ်ဦးက ဆိုပါတယ်။
ယခင်လတွေမှာ KIA+PDF နှစ်ဖွဲ့သာ ရှိနေပေမယ့် ပြီးခဲ့တဲ့မေလကနေစပြီး SSIA အဖွဲ့ဆိုပြီးလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ပြန်လည်တိုးလာတာဖြစ်ပြီး နန့်မီးလောင်ကျေးရွာမှာ မကြာသေးမီက တစ်အိမ်တစ်ယောက်နှုန်းတပ်သားသစ်စုဆောင်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
"လယ်ထဲယာထဲ အပြင်မှာသွားလုပ်စားမယ်ဆိုလည်း ပေါ်တာကဆွဲ၊ အိမ်ထဲနေပြန်တော့လည်းအကြောင်းမဲ့ ပိုက်ဆံကကောက်ပြန်တယ်။ အရင်ကတော့ KIA ၊ PDF နှစ်ဖွဲ့ဘဲ အခုက SSIA ကောပါလာပြီ။ သုံးဖွဲ့ဖြစ်သွားပြီ" ဟုသူကပြောပါတယ်။
ဒီလိုလက်နက်ကိုင်(၃)ဖွဲ့ရဲ့ တပ်သားသစ်စုဆောင်းခြင်း၊ပေါ်တာဆွဲခေါ်ခြင်းနဲ့ ဆတ်ကြေးအမဆမတန်ပေးဆောင်ရမှုတွေကို အင်းတော်ကြီးဒေသခံတွေ ကြုံနေကြရကြောင်း ဆိုကြပါတယ်။







