လေကြောင်းအန္တရာယ်ကြောင့် ရေးချောင်းဖျားဒေသခံအချို့ ဘေးလွတ်ရာသို့ ပြောင်းရွှေ့

လေကြောင်းအန္တရာယ်ကြောင့် ရေးချောင်းဖျားဒေသခံအချို့ ဘေးလွတ်ရာသို့ ပြောင်းရွှေ့

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသဘက်တွင် လေကြောင်းအန္တရာယ်စိုးရိမ်ရသဖြင့် ကင်မွန်းရွာမှ ဒေသခံရွာလုံးကျွတ်နီးပါးတို့သည် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့က ရေးဘီလူးတပ်စခန်းရှိသည်ဟု ယူဆရသည့် ကင်မွန်းရွာကို စစ်ကော်မရှင်တပ်တို့က Y-12 လေယာဉ်နှင့် Jet-Fighter တိုက်လေယာဉ်များဖြင့် ဗုံးအလုံး ၃၀ ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားချိန်မှစ၍ ကင်မွန်းရွာနှင့် အနီးဝန်းကျင်မှ ဒေသခံအများစုသည် နီးစပ်ရာကျေးရွာများ၊ တောတောင်များသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး အချို့ကလည်း ရေးမြို့ပေါ်သို့ တိမ်းရှောင်သွားကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။

“ကင်မွန်းရွာကလူနဲ့ အနီးအနားကလူတွေပဲ အဓိက စစ်ရှောင်နေကြတယ်။ ရွာထဲမှာ ကျန်တဲ့သူတွေဆို နေ့လည်ပိုင်းလောက်ပဲ ရွာထဲမှာနေရဲကြတာ၊ ညပိုင်းဆိုရင် အနီးအနားက ခြံတွေ၊ ရွာတွေကြားမှာ ရှောင်ပြီးအိပ်နေကြတယ်” ဟု ၎င်းက ဆိုသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့ကလည်း အဆိုပါကျေးရွာအတွင်းသို့ စစ်ကော်မရှင်တပ်တို့က ထပ်မံလေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ခြံလုပ်သားအမျိုးသားတစ်ဦး သေဆုံးပြီး နေအိမ်အချို့ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်တပ်တို့သည် အဆိုပါဒေသနှင့် အနီးဝန်းကျင်များတွင် လေယာဉ် ဖြင့် ကင်းထောက်လှည့်ပတ်မှုများကို နေ့စဉ်ဆက်လက်ပြုလုပ်နေသဖြင့် ဒေသခံများအနေဖြင့် ကြောက် လန့်နေကြကြောင်း ဒေသခံများက ဆိုသည်။

“အဲ့ဒေသတစ်လျှောက် နေ့တိုင်းပဲ ကင်းထောက်လေယာဉ်တွေ လှည့်နေတာ၊ ဗုံးကြဲတဲ့နေရာက နည်းနည်းဝေးပေမယ့်လည်း ကြောက်ရတာပဲ။ ညဘက်ဆိုလည်း အရင်လို မအိပ်ရဲဘူး၊ ပြေးဖို့ပဲ စဉ်းစားနေရတယ်” ဟု ရေးချောင်းဖျားဒေသမှ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိအခြေအနေအရ ရေးချောင်းဖျားဒေသတွင် လုံခြုံရေးအခြေအနေ မတည်ငြိမ်သေးသဖြင့် ဒေသခံအများစုသည် မိမိတို့နေအိမ်များသို့ ပြန်လည်ဝင်ရောက်နိုင်ခြင်း မရှိသေးကြောင်းလည်း သိရသည်။

ရေးမြို့နယ်ရှိ ရေးချောင်းဖျားဒေသသည် စစ်ကော်မရှင်တပ်နှင့် အပစ်ရပ်( NCA ) လက်မှတ်ရေး ထိုးထားသည့် မွန်ပြည်သစ်ပါတီ၊ ထားဝယ်ခရိုင်ထိန်းချုပ်ရာ နယ်မြေဒေသဖြစ်ကြောင်း သိရသည်။

အထူးသဖြင့် စစ်ကော်မရှင်တပ်တို့သည် ရက် ၁၀၀ စီမံကိန်းအတွင်း တော်လှန်ရေးတပ်ဖွဲ့များ ရှိနိုင်သည်ဟု ယူဆရသော နေရာ များနှင့် ကျေးရွာများကို တိုက်လေယာဉ်၊ ရဟတ်ယာဉ်နှင့် Y-12 ယာဉ်များကို အသုံးပြုပြီး ဗုံးကြဲသည့်ဗျူဟာကို အရှိန်မြှင့်လုပ်ဆောင်လာသည်။

June 27, 2026
လက်နက်ကိုင်ပဋိပက္ခ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသည့် မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲသည်...
June 27, 2026
မော်လမြိုင်-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင် နေ့ချင်းပြန် ရထားခရီးစဉ်များကို လာမည့် ဇူလိုင်လ ၁...
June 26, 2026
မွန်ပြည်နယ်တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လကုန်အထိ ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူ ၉...
June 25, 2026
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ လာဘ်ပေးလာဘ်ယူပြုလုပ်သည့် ဝန်ထမ်းများအား...