ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ညအချိန် ဆိုင်ကယ်များကို ဆူညံစွာ လှည့်လည်မောင်းနှင်နေသည့် လူငယ်များကို မြို့လုံခြုံရေးတာဝန်ယူထားသည့် အဖွဲ့အစည်းများက ဖမ်းဆီးအရေးယူခြင်း မရှိသည့်အပေါ် ဒေသခံများ၏ ဝေဖန်မှုများ မြင့်တက်နေသည်။
အဆိုပါ လူငယ်အုပ်စုသည် ဒေသခံများ အနားယူချိန်ဖြစ်သည့် ညနေပိုင်းမှစ၍ ညဉ့်နက်ပိုင်းအထိ ပတ်ဝန်းကျင်ကို စိတ်အနှောင့်အယှက်ဖြစ်စေလောက်အောင် ဆိုင်ကယ်အိတ်ဇောသံများ ဆူညံစွာဖြင့် မကြာခဏ လှည့်လည်မောင်းနှင်နေကြသော်လည်း တာဝန်ရှိသူများက လက်ရှိအချိန်ထိ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း သိရသည်။
“ကလေးတွေက ၁၈ နှစ်၊ ၁၉ နှစ်လောက်ပဲ ရှိဦးမယ်။ ၄၊ ၅ ယောက် တစ်ဖွဲ့စီ ဆိုင်ကယ်အိတ်ဇောတွေဖြုတ်ပြီး အကျယ်ကြီး လိုက်မောင်းကြတာ။ အဲဒီအသံတွေကြောင့် မိသားစုထဲမှာ နှလုံးရောဂါရှိတဲ့သူတွေဆိုရင် တော်တော်လေးထိခိုက်ရတယ်။ ဘယ်သူမှလည်း အရေးယူ တားဆီးတာမျိုးမရှိတော့ မြို့ထဲမှာ လူပြော အရမ်းများနေတယ်” ဟု မြို့ခံအမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ဘုရားသုံးဆူမြို့တွင် ဒေသခံအချို့မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု အားနည်းမှုအပြင် လမ်းနယ်နိမိတ်အတွင်း အဆောက်အအုံများ ကျော်လွန်ဆောက်လုပ်မှုများလည်း ရှိနေသဖြင့် သတိပေးစာ ထုတ်ပြန်ကာ စစ်ဆေးအရေးယူမှုများ လုပ်ဆောင်သွားမည်ဟု မြို့လုံခြုံရေးကို တာဝန်ယူထားသည့် ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော် (DKBA) အမှတ် (၂) စစ်ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး စောအေဝမ်းက ဆိုသည်။
၎င်းက “ပြောရမယ်ဆိုရင် အဲဒီလူငယ်တွေကလည်း တော်တော်ဆိုးပါတယ်။ စည်းကမ်းမရှိ ဆိုင်ကယ်တွေ မောင်းကြတယ်။ ဖမ်းဆီးအရေးယူပြန်ရင်လည်း လိုင်း(လူမှုကွန်ရက်စာမျက်နှာ)ပေါ်မှာ လျှောက်တင်ပြီး အမျိုးမျိုး ဝေဖန်ကြပြန်ရော။ ဒီမိုကရေစီကျကျ လုပ်ကိုင်ရတဲ့အခါကျတော့ ဒီလိုကိစ္စတွေက တော်တော်လေး ကသိကအောက် ဖြစ်ရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် လက်ရှိ ဘုရားသုံးဆူမြို့တွင် ညအချိန်၌ ခိုးယူမှုများ ပိုမိုများပြားလာပြီး လျှပ်စစ်မီးကြိုးများ၊ မီတာဘောက်စ်များနှင့် ရေစုပ်စက်မော်တာများအထိ ခိုးယူခံနေရသဖြင့် သူခိုးရန်မှ ကာကွယ်နိုင် ရေးအတွက် မြို့လုံခြုံရေးကို ယခုထက် ပိုမိုတိုးမြှင့်ပေးရန် ဒေသခံများက လိုလားနေကြသည်။
ဘုရားသုံးဆူမြို့၏ လုံခြုံရေးကိစ္စရပ်များကို ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) တပ်ဖွဲ့က အဓိက တာဝန်ယူ ဆောင်ရွက်ပေးနေသည့်အပြင် မြို့အုပ်ချုပ်ရေးအဖွဲ့ကိုလည်း သီးခြား ဖွဲ့စည်းထားရှိကြောင်း သိရသည်။
ဘုရားသုံးဆူမြို့ရှိ စစ်အုပ်စု၏ လက်အောက်ခံ ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက် ရှင်းလင်းခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကတည်းက စတင်ကာ စစ်အုပ်စု၏ အုပ်ချုပ်ရေးယန္တရား လုံးဝ ပျက်စီးသွားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် လက်ရှိအချိန်တွင် မြို့၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဒီမိုကရေစီအ ကျိုးပြုကရင့်တပ်မတော် (DKBA) ကသာ အဓိက တာဝန်ယူ ဆောင်ရွက်ပေးနေရခြင်းဖြစ်ကြောင်း သိရသည်။
Photo: CJ







