ဖလမ်းပြန်မယ့် ပြည်သူတွေအတွက် စနစ်တကျ စီစဉ်သွားမယ်

ဖလမ်းပြန်မယ့် ပြည်သူတွေအတွက် စနစ်တကျ စီစဉ်သွားမယ်

နေရပ်ပြန်မယ့် ဖလမ်းမြို့ ဒေသခံတွေအတွက် ဖလမ်းခရစ်ယာန်ဓမ္မအမှုတော်ဆောင်များ မိတ်သဟာယ ( FCMF) က ဦးဆောင်ပြီး ဖလမ်းအခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်း ( CSOs) အားလုံးက စုပေါင်းပြီး လုပ်ငန်းစဉ်တွေကို အဆင့်လိုက် စနစ်တကျ စီစဉ် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ မေလ ၂၀ ရက်နေ့က အသိပေးထုတ်ပြန်လိုက်ပါတယ်။

ဖလမ်းမြို့နေရပ်ပြန် ပြန်လည်အခြေချရေးအစီအစဉ်တွေကို လုပ်ငန်းစဉ်အလိုက် အဆင့်လိုက်ခွဲခြား ဆောင်ရွက်သွားမှာဖြစ်ပြီး အဆင့်တစ်ဆင့်လျှင် လေးလကြာမြင့်မှာဖြစ်သလို ပထမအဆင့်အနေဖြင့် လုပ်ငန်းစဉ်တွေကို အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေက ပြည်သူတွေ ပြန်လည်အခြေချနိုင်ပြီလို့ ထုတ်ပြန်ကြေညာတဲ့ အချိန်ကစလို့ ချက်ချင်းစတင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ပထမအဆင့်အနေဖြင့် ဖလမ်းဒေသခံတွေ အနည်းဆုံး အိမ်ထောင်စု ၅၀၀ ပြန်လည် အခြေချနိုင်ဖို့ ရည်ရွယ်ဆောင်ရွက်နေပြီး ပြန်လည်အခြေချနေမယ့်သူတွေအတွက် ပံ့ပိုးကူညီမှု အစီအစဉ်တွေကိုလည်း ဖော်ပြထားပါတယ်။

နေရပ်ပြန်လည်အခြေချမယ့်သူတွေ ဘယ်နေရာကမဆို ဆိုင်ကယ်ဖြင့် ပြန်လာမယ့် သူတွေအတွက် တစ်ဦးလျှင် ကျပ် ၂၅,၀၀၀ ထောက်ပံ့မှာဖြစ်ပြီး ကလေးမြို့ကနေ ပြန်လာမယ့်သူတွေအတွက် ကုန်ပစ္စည်းတင်တဲ့ မော်တော်ယာဉ်ကြီးတစ်စီးနဲ့ သက်ကြီးရွယ်အို ကျန်းမာရေးမကောင်းသူတွေအတွက် မီနစ်ဘတ်စ် ကားတစ်စီးတို့ကို တစ်ပတ်လျှင် တစ်ကြိမ်စီ ထွက်ခွာနိုင်ဖို့ စီစဉ်ပေးမှာ ဖြစ်ပြီး ဟားခါးမြို့ကနေ ပြန်လာမယ့်သူတွေအတွက်လည်း လိုအပ်ချက်အပေါ်မှုတည်ပြီး ယာဉ်တွေကို စီစဉ်ပြေးဆွဲပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖလမ်းနေရပ်ပြန်လည်အခြေချသူတွေအတွက် တစ်ဦးလျှင် ဆန်တစ်အိတ်၊ ကုလားပဲတစ်ပိဿာ၊ ဆီပိဿ နဲ့ ဆားတို့ကို ဖလမ်းမြို့အရောက် ကုန်ကျစရိတ်ရဲ့ တစ်ဝက်ဈေးဖြင့် တစ်ကြိမ်စီ ဝယ်ယူခွင့် ပြုမှာဖြစ်ပြီး နောက်ပိုင်းတော့ ဖလမ်းအရောက် ကုန်ကျစရိတ် အရင်းအတိုင်း ဘယ်သူမဆို ဝယ်ယူနိုင်မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ရေပိုက်လိုင်း ပျက်စီးနေပြီး မိမိအိမ်က ရေယူရမည့် နေရာသို့ ပေ ၃၀၀ ထက် ပိုမိုဝေးကွာတဲ့ အိမ်ထောင်စုတွေကို PVC 8.5 ( ငါးမူးပိုက်) ၁၀ ချောင်းနဲ့ ပိုက်ဆက်ခေါင်း ၁၀ စီ ထောက်ပံ့မှာဖြစ်သလို နေအိမ်တွင် မီးလင်းရန် အခက်အခဲရှိတဲ့ အိမ်ထောင်စုတွေအားလုံးကိုလည်း မီးသီးတစ်လုံးနဲ့ ဆိုလာကိရိယာ ( Solar Kit) တစ်စုံစီ ထောက်ပံ့ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နေအိမ်ပြင်ဆင်ရန် လိုအပ်သူတွေအတွက် ပလတ်စတစ်နဲ့ မိုးကာတွေကို ဖလမ်းအရောက် ကုန်ကျစရိတ် အရင်းတိုင်း ဝယ်ယူနိုင်ဖို့ စီစဉ်ပေးမယ့်အပြင် အရေးပေါ် အခြေအနေတွေအတွက် ဆေးဆိုင်တစ်ဆိုင် ဖွင့်လှစ်ပြီး သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။

အခုလို ပထမအဆင့် လုပ်ငန်းစဉ်တွေကို အောင်မြင်အောင် လည်ပတ်နိုင်ရေးအတွက် လုပ်ငန်းခွင်အတွင်း တာဝန်ထမ်းဆောင်မယ့် ညှိနှိုင်းရေးမှူး ၁ ဦး၊ အလုပ်သမား ၂ ဦးနဲ့ သူနာပြု ၁ ဦး စုစုပေါင်း ဝန်ထမ်း ၄ ဦး ကိုလည်း ခန့်အပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဖလမ်းခရစ်ယာန်ဓမ္မအမှုတော်ဆောင်များ မိတ်သဟာယ ( FCMF) က ဦးဆောင်ပြီး ဖလမ်းအခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်း ( CSOs) အားလုံးက နေရပ်ပြန်လည် အခြေချရေး လုပ်ငန်းစဉ်တွေကို လက်တွဲညီညီ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့ကိုလည်း ကမ္ဘာအရပ်ရပ်ရှိ ဖလမ်းလူမျိုးတွေအားလုံးကိုလည်း လေးစားစွာ ဖိတ်ခေါ်ထားပါတယ်။

ဖလမ်းမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေ ၊ ဝန်ထမ်းမိသားစုတွေ ရာနဲ့ချီဟာ ဖလမ်းကို ပြန်လည် အခြေချတာတွေ ရှိခဲ့ပြီး  ဌာနဆိုင်ရာအသီးသီးနဲ့ ကျောင်းတွေကိုလည်း မေလ မကုန်ခင် အားလုံး ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်နေတယ်လို့လည်း သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

May 21, 2026
စစ်ကောင်စီတပ်ဖွဲ့ဟာ ချင်းပြည်နယ်အတွင်း  တားမြစ်ထားတဲ့ ပဒေသာဗုံး ( Cluster Bomb တွေနဲ့...
May 20, 2026
ချင်းပြည်အရေးပေါ် ကာကွယ်ရေး ရန်ပုံငွေအတွက် အရှေ့အလယ်ပိုင်းနိုင်ငံများ (Middle East)ကို...
May 19, 2026
ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်ဒေသတွေဖြစ်တဲ့ ကန်ပက်လက်၊ ကျောက်၊ ဆော နယ်အတွင်း...
May 18, 2026
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အခြေစိုက် CDF – Hakha တပ်ဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး...