ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ် မုဒိမ်းမှုတွင် ပြစ်မှုကျူးလွန်သူ ထွက်ပြေးလွတ်မြောက်နေသည်မှာ နှစ်လနီးပါးကြာမြင့်လာပြီဖြစ်သော်လည်း ဒီလပ်က မဖမ်းနိုင်သေးကြောင်း ဒေသခံများထံမှ သိရသည်။
ကျူးလွန်သူမှာ ပေါက်တောမြို့နယ်၊ သစ်ပုတ်ချောင်းကျေးရွာမှ အသက် (၄၅) နှစ်အရွယ် ဦးထွန်းအောင်ချေဖြစ်ပြီး ၎င်းအား ပြစ်မှုဖြစ်ပွားပြီး နောက်တစ်နေ့တွင် ဖမ်းဆီးနိုင်ခဲ့သော်လည်း ဒီလပ်အဖွဲ့၏ ပေါ့ဆမှုကြောင့် လွတ်မြောက်သွားသည်ကာ ယနေ့ထိ ပြန်လည်ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။
“သုံးလပိုင်း သုံးရက်နေ့ လေးနာရီခွဲစပ်ကြားမှာ ကလေးကို မုဒိန်းကျင့်တယ်။ အဲချိန်မှာ ကလေးအော်သံကြားလို့ ရပ်ရွာက လူတွေတွေ့တော့ အဲလူက ထွက်ပြေးသွားတယ်။ အဲနေ့ တစ်ရက်လုံး ပျောက်နေတယ်။ သုံးလ ပိုင်း လေးရက်နေ့မှာ ပေါက်တောမြို့နယ်၊ ဖဒူအုပ်စု၊ အလယ်ရွာလိုင်းဘုတ်ပိုင်ရှင် မောင်သန်းမြင့် ဘုတ်ထက်မှာ သူ့ကို မင်္သကာလို့ ဖမ်းတယ်။ နောက်ပြီး ကလေးကို (နစ်နာသူ) ကိုခေါ်ပြီး ဒီလူလားလို့ သေချာမေးလို့ ဟုတ်တယ်လို့ ပြောမှ ဖမ်းလိုက်တယ်။ ဖမ်းလို့ ရခဲ့ပေမယ့် DELPS ပေါ့ဆမှုကြောင့် တရားခံလွတ်သွားတယ် ” ဟု နစ်နာသူ မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့ ညနေ ၄ နာရီကျော်တွင် ပေါက်တောမြို့နယ်၊ အလယ်ဖရုံကာကျွန်း၊ ဖဒူချေကျေးရွာမှ အသက် (၈) နှစ်ကျော်အရွယ် မိန်းကလေးငယ်တစ်ဦးကို အသက် (၄၅) နှစ်အရွယ် ဦးထွန်းအောင်ချေဆိုသူက အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ ထိုနေ့ ညနေ ၄ နာရီကျော်တွင် နစ်နာသူ မိန်းကလေးငယ်မှာ အဒေါ်ဖြစ်သူနှင့် ရွာအပြင် ဘက်သို့လိုက်ပါသွားပြီးနောက် အဒေါ်ဖြစ်သူမသိဘဲ တစ်ယောက်တည်း ပြန်လာခဲ့ကြောင်း သိရသည်။
ထို့နောက် ဖဒူချေရွာအစပ် ဘုရားချောင်းရွာနှင့် ဖဒူချေရွာကြား လမ်းခုလပ်တစ်နေရာတွင် ဦးထွန်းအောင်ချေနှင့် တွေ့ပြီး ထိုမိန်းကလေးငယ်အား အဓမ္မပြုကျင့်ခဲ့ရာ ကျေးရွာသားများက တွေ့သွားသဖြင့် ထွက်ပြေးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
ကျူးလွန်သူမှာ ပေါက်တောမြို့နယ်၊ သစ်ပုတ်ချောင်းကျေးရွာဇာတိဖြစ်ပြီး ဘုရားချောင်း ကျေးရွာတွင် ငါးဖမ်းဘုတ်၌ အငှားလိုက်နေခြင်းဖြစ်ကြောင်းလည်း ဒေသခံများ ပြောကြားချက်အရ သိရသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ မင်းပြားခရိုင်တရားရုံး၌ အမှုဖွင့်အရေးယူထားပြီး မည်သည့် ပုဒ်မများဖြင့် အရေးယူထားသည်ကို မသိရပေ။ နစ်နာသူမိသားစုဝင်များက ကျူးလွန်သူကို အမြန်ဆုံး ဖမ်းဆီးရန်နှင့် တရားမျှတမှုရှိအောင် ထိထိရောက်ရောက် အရေးယူပေးရန် တောင်းဆိုထားကြသည်။
“မိသားစုဝင်အနေနဲ့ကတော့ တရားခံကိုလည်း အမြန်ဆုံး ရအောင်ဖမ်းမိစေချင်တယ်။ တရားခံမဖမ်းမိခင် စပ်ကြားမှာ ပေါ့ဆမှုကြောင့် လွတ်သွားတာကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ပြစ်ဒဏ်ချမှတ်ပေး စေချင်တယ်။ တခါကလည်း အင်္ဂရားချိုင်ကျွန်း (အရှေ့ဖရုံကာကျွန်း)၊ ငမဲပြင်ရွာမှာ တွေ့တယ်ဆိုလို့ လိုက်ရှာကြတယ်။ ဒါပေမဲ့ တရားခံက တောထဲဝင်ပြေးသွားတော့ တောထဲကိုလိုက်မရှာကြဘူး။ အရေးတယူ မဖြစ်ဖြစ်အောင် ရှာရမယ်။ အခုက အဲလိုမဟုတ်ဘဲ ရလိုရငြားလိုက်ကြည့်နေတယ်လို့ပဲ မြင်တယ်” ဟု နစ်နာသူ မိသားစုဝင်တစ်ဦးက ပြောသည်။
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ရာဒေသများတွင် သက်ငယ်မုဒိမ်းမှုများ တိုးလာနေပြီး ယခုနှစ် ဇန်နဝါရီလမှ ယခုလအထိ သက်ငယ်မုဒိမ်းမှု ၆ ခုထက်မနည်းရှိနေသည်။
လက်ရှိ သက်ငယ်မုဒိန်းမှုများသည် တဖြည်းဖြည်းတိုးလာနေပြီး အမျိုးသမီးများ၏ လုံခြုံရေးအန္တရာယ်ကို ယခင်ထက်ပို စိုးရိမ်စရာဖြစ်လာနေသည်။
တဖက်တွင်လည်း ပြစ်မှုကျူးလွန်သူများကို အရေးယူမှုပိုင်းတွင် အားနည်းနေခြင်းကလည်း အမျိုးသမီးများ၏ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်နေကြောင်း အမျိုးသမီးအရေး လှုပ်ရှားနေသူများက ဆိုကြသည်။
“သက်ငယ်မုဒိန်းမှုကျူးလွန်သူတွေကို ကြီးလေးတဲ့ပြစ်ဒဏ်တွေပေးသင့်တယ်။နောက်ပြီး အာဏာပိုင်တွေတောင်မက ပြည်သူတစ်ရပ်လုံးကိုပါ ဒီလူကို ဒီပုဒ်မနဲ့ အပြစ်ပေးအရေးယူတယ်ဆိုတာ အသိပေးရမယ်။ ဒါမှလည်း ကျူးလွန်သူတွေက ထပ်မလုပ်ရဲမှာ။ Training, Awareness ပေးတာတစ်ခုတည်းနဲ့ အဆင်မပြေဘူး။ အာဏာပိုင်တွေကလည်း လူသိရှင်ကြား ကျူးလွန်သူတွေကို အပြစ်ပေးစေချင်တယ်” ဟု ကမ်းထောင့်ကြီး လူငယ်များ အစည်းအရုံးမှ အမျိုးသမီးတစ်ဦးက ပြောသည်။
တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ရာဇသတ်ကြီးပုဒ်မ ၃၇၆ (၃) အရ မည်သူမဆို အသက် (၁၂) နှစ်အောက် အမျိုးသမီးကို မုဒိမ်းမှုကျူးလွန်လျှင် ထောင်ဒဏ် တစ်သက်ဖြစ်စေ၊ ထောင်ဒဏ် နှစ် ၂၀ ဖြစ်စေ ဒဏ်နှစ်ရပ်လုံးကို ချမှတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
သို့သော် မုဒိမ်းမှုများနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်မှုပိုင်းမှာ အားနည်းနေသေးကာ တရားဥပဒေအရ ဆောင်ရွက်မှုပိုင်းမှာလည်း ထိရောက်မှုမရှိကြောင်း အမျိုးသမီးအရေးလှုပ်ရှား သူများက ဝေဖန်ထောက်ပြနေကြသည်။







