ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေပြီး စစ်တပ်က လူနေရပ်ကွက်များကို လက်နက်ကြီးနှင့်ပစ်ခတ်သည့်အတွက် ရခိုင်ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးထိခိုက် ဒဏ်ရာရရှိသွားခဲ့သည်ဟု သတင်းရရှိသည်။
မေလ ၄ ရက်၊ နံနက် ၆ နာရီခန့်မှစပြီး ၁၀ နာရီထိ လုံးခင်းနှင့် ကုဋေကြားရှိ သင်္ချိုင်းတွင် နှစ်ဖက်တိုက်ပွဲသည် ပြင်းပြင်းထန်ထန်ဖြစ်နေကြသည်ဟု ဆိုသည်။
စစ်တပ်က ပစ်လိုက်သည့်လက်နက်ကြီးကျည်တစ်လုံးသည် လယ်ကွင်းအနီးရှိ ရွှေရခိုင်ဆိုင်(အိမ်)ကို ကျရောက်ပြီး ကလေးငယ်တစ်ဦး ထိခိုက် ဒဏ်ရာရရှိသွားသည်ဟု ဖားကန့်ရောက် ရခိုင်လူငယ်တစ်ဦးက နိရဉ္စရာကို ပြောသည်။
"နှစ်ဖက်တိုက်ပွဲက တအားပြင်းတယ်။ လယ်ကွင်းအနီးက ရွှေရခိုင်အိမ်ကို လက်နက်ကြီး တစ်လုံးကျတယ်။ ကလေးငယ်တစ်ယောက်ထိခိုက်ဒဏ်ရာရသွားတယ်။ "
လုံးခင်းနှင့် ကုဋေကြားရှိ သင်္ချိုင်းတွင် ၃ လကြာတပ်စွဲနေရာယူထားသည့် စစ်တပ်သည် ဒေသခံပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မူများလာသည့်အတွက် ယနေ့နံနက်တွင် KIA က ဝင်ရောက်တိုက်ခိုက်ရာ အကျဆုံးများနှင့် လုံးခင်းမြို့ ဇီးကုန်းဖက်သို့ ဆုတ်ခွာထွက်ပြေးနေရသည်ဟု သူက ဆက်ပြောသည်။
"လမ်းပိတ်ပြီး ပြည်သူကို သတ်နေတဲ့ စစ်တပ် ဒီမနက်တိုက်ပွဲမှာ အကျဆုံးများပုံရတယ်။ တိုက်ပွဲကလည်း တအားပြင်းတယ်။ အခုတော့ နောက်ဆုတ်ထွက်ပြေးနေတယ်" ဟု သူက ပြောဆိုသည်။
အလားတူ ယနေ့နံနက်ကလည်း နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသည့်နေရာကို ဖားကန့်ဗျုဟာကုန်းမှ လက်နက်ကြီးပစ်ကူပေးနေရပြီး စစ်တပ်ပစ်လိုက်သည့် လက်နက်ကြီးကျဉ်တစ်လုံးသည် လုံးခင်းအုပ်စု၊ ကုဋေမှော်ရွာလမ်းဆုံတွင် ကျရောက်ပေါက်ကွဲခဲ့ရာ အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာတွေ ရရှိသွားခဲ့သည်ဟု သိရသည်။







