အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁ ရက်နေ့မှ စတင်ကာ ပိတ်ပင်ထားကြောင်း ဒေသခံများက ပြောသည်။
အိန္ဒိယနိုင်ငံ၊ အရူနာချာပရာဒေ့ရှ်ပြည်နယ် နန်ပေါင်နှင့် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း၊ နန်းယွန်းမြို့နယ်တို့အကြား ကုန်စည်စီးဆင်းနေသည့် ပန်ဆောင်နယ်စပ်ဂိတ်ကို တရားဝင်စာထုတ်ပြန်၍ ပိတ်ပင်ခြင်းမျိုး မဟုတ်ဘဲ ကုန်ကားများကို ဖြတ်သန်းသွားလာခွင့် မပြုခြင်းဖြစ်ကြောင်း သိရသည်။
“အိန္ဒိယဘက်ကနေ ပိတ်ထားတာမဟုတ်ပါဘူး။ မြန်မာဘက်ကနေ ပိတ်ထားတာကြောင့် သူတို့အတွက်ကလွဲပြီး ဘယ်ပြည်သူမှသွားလို့မရပါဘူး။ အိန္ဒိယပြည်သူလည်း ဝင်လို့ရလား မသိရပါဘူး။ နယ်စပ်လမ်းကြောင်းပိတ်ထားလို့ မှောင်ခိုလမ်းကြောင်းကနေ သွားလာတာတော့ရှိပါတယ်၊ မိရင်တော့ အဖမ်းခံရတာနဲ့ ငွေညစ်မှုတွေရှိနိုင်ပါတယ်” ဟု ဒေသခံတဦးက ပြောသည်။
နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို စစ်အုပ်စု၏ ခြေလျင်တပ်ရင်း ခလရ (၁၂၆) နှင့် မကြာသေးမီက ရွေးကောက်ခံထားရသော ‘နာဂစီမံအုပ်ချုပ်ရေးအဖွဲ့’ တို့ ပူးပေါင်းပိတ်ပင်ထားခြင်းဖြစ်ကြောင်း ဒေသခံတဦးက ဆိုသည်။
“လမ်းပိတ်တာကို တရားဝင် စာထုတ်တာ မရှိသေးပေမဲ့ စစ်အုပ်စုကတော့ မြေပြင်မှာ စတင်လှုပ်ရှား ပိတ်ပင်နေပါတယ်” ဟု နာဂ ပကဖ စစ်ဘက်ရေးရာ တာဝန်ရှိသူတဦးက မဇ္ဈိမကို မေလ ၄ ရက်တွင် ပြောသည်။
စစ်အုပ်စုတပ်၏ ထိုလုပ်ရပ်အပေါ် ပြန်လည်တုံ့ပြန်ဖြေရှင်းနိုင်မည့် နည်းလမ်းကို ရှာဖွေနေပြီး မဟာမိတ် လက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းတိုင်ပင်ကာ ပြည်သူလူထုကို ကာကွယ်ဝန်းရံသွားမည်ဟုလည်း ၎င်းက ဆိုသည်။
ထိုသို့ နယ်စပ်ဂိတ် ပိတ်ပင်မှုကြောင့် နာဂဒေသခံများ ကုန်စျေးနှုန်းတက်မှုကို ကြုံလာရနိုင်ပြီး လက်ရှိတွင် အိန္ဒိယ-မြန်မာ ငွေလဲလှယ်ရာ၌ အိန္ဒိယတရူပီကို ယခင် ၅၀ ကျပ်သာ ပေါက်စျေးရှိသော်လည်း လက်ရှိတွင် ၆၀ ကျပ်အထိ စျေးနှုန်း မြင့်တက်နေကြောင်း သိရသည်။ နယ်စပ်ဂိတ်ပိတ်မှု ရက်ကြာရှည်လာသည်နှင့်အမျှ ကုန်စျေးနှုန်းကြီးမြင့်မှုလည်း ရှိလာနိုင်ပြီး အဓိကအားဖြင့် စက်သုံးဆီစျေး မြင့်တက်လာနိုင်ကြောင်း ဒေသခံက ပြောသည်။
ဒေသခံများကို နယ်စပ်ဂိတ်ဖြတ်သန်း ကုန်သယ်ယူပို့ဆောင်မှု ပိတ်ပင်ထားသော်လည်း စစ်အုပ်စုတပ်၏ ရိက္ခာသယ်ယူသည့် ကားများမှာမူ ဖြတ်သန်းသွားလာမှု ရှိနေကြောင်း ဒေသခံက ပြောသည်။
မြန်မာနိုင်ငံ ပြည်တွင်းပို့ကုန်များသည် လမ်းကြောင်းများ ပိတ်ဆို့မှုကြောင့် ပြတ်လပ်နေသဖြင့် ဒေသခံများသည် အိန္ဒိယမှလာသည့် သွင်းကုန်များဖြစ်သော ကုန်ခြောက်များ၊ ဓာတ်ဆီနှင့် ဒီဇယ်များကိုသာ အဓိက အားထားနေရခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းနှင့် ခန္တီးမြို့နယ်များသည်လည်း အိန္ဒိယဘက်မှ ဝင်ရောက်သည့် ကုန်စည်များကို အားထားနေရသဖြင့် ယခုနယ်စပ်ဂိတ်ပိတ်ပင်မှုသည် ထိုဒေသများကိုပါ သက်ရောက်နိုင်ကြောင်း သိရသည်။







