မြေရှားတူးဖော်ပြီး စွန့်ခွာသည့်လုပ်ငန်းရှင်များကို KIO အရေးယူမှု အားနည်းနေဟုဆို

မြေရှားတူးဖော်ပြီး စွန့်ခွာသည့်လုပ်ငန်းရှင်များကို KIO အရေးယူမှု အားနည်းနေဟုဆို

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေများရှိ မြေရှားသတ္တုတူးဖော်မှုကို စည်းမျဉ်းချမှတ် ထိန်းချုပ် ရန် ၂၀၂၅ ခုနှစ်နောက်ပိုင်း ကြိုးပမ်းမှုများ တိုးတက်လာသော်လည်း သတ္တုတူးဖော်ပြီးနောက် သဘာဝပတ်ဝန်း ကျင်အား ပြန်လည်ပြုပြင်ခြင်းမရှိဘဲ စွန့်ခွာသွားသည့် လုပ်ငန်းရှင်များအပေါ် လက်တွေ့အရေးယူမှုမှာ အားနည်း နေဆဲဖြစ်သည်ဟု ကချင်သုတေသီ Seng Li က ပြောသည်။

ဩဂုတ်လ ၁၅ ရက်နေ့က ချင်းမိုင်တက္ကသိုလ်တွင် ကျင်းပသည့် ပဉ္စမအကြိမ် နိုင်ငံတကာ မြန်မာ့အရေးလေ့လာ မှု ညီလာခံ (ICBMS5) ၏ “Rare Earth: Extractive Industry, Global Supply Chain and Transboundary Water Pollution” ဆွေးနွေးပွဲတွင် ကချင်ပြည်နယ် မြေရှားသတ္တုတူးဖော်ရေး အုပ်ချုပ်မှုနှင့် စည်းမျဉ်းစည်း ကမ်း အခြေအနေကို Seng Li က ထည့်သွင်းဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

KIO ၏ မြေရှားသတ္တုတူးဖော်ရေး စည်းမျဉ်းနှင့် အကောင်အထည်ဖော်မှုကို တစ်နှစ်ခန့် စောင့်ကြည့်လေ့လာခဲ့ရာ ၂၀၂၅ ခုနှစ်မှစ၍ တိုးတက်မှုအချို့ တွေ့ရပြီး အရပ်ဘက်အဖွဲ့အစည်းများ၊ မီဒီယာများနှင့် နိုင်ငံတကာ၏ ဝေဖန် စောင့်ကြည့်မှုများကလည်း စည်းမျဉ်းများ တိုးတက်လာစေရန် ဖိအားဖြစ်စေခဲ့ကြောင်း ၎င်းက ဆိုသည်။

သို့သော် စည်းမျဉ်းများကို လက်တွေ့အကောင်အထည်ဖော်ရာတွင် အားနည်းချက်များ ရှိနေဆဲဖြစ်ပြီး မြေရှား သတ္တု ထုတ်ယူပြီးသည့်နောက် သတ္တုတွင်းဧရိယာကို သဘာဝပတ်ဝန်းကျင်အရ ပြန်လည်ပြုပြင်ခြင်းမရှိဘဲ စွန့်ခွာသွားသည့် ရင်းနှီးမြှုပ်နှံသူများကို ထိရောက်စွာ အရေးယူထားသည်ကို မတွေ့ရသေးကြောင်း Seng Li က ထောက်ပြသည်။

KIO ၏ စည်းမျဉ်းအရ မြေရှားသတ္တုတူးဖော်သည့် ရင်းနှီးမြှုပ်နှံသူ တစ်ဦးသည် တရုတ်ယွမ် ၅၀၀,၀၀၀ ကို အာမခံငွေအဖြစ် ပေးသွင်းရပြီး စံချိန်စံညွှန်းများကို မလိုက်နာပါက အဆိုပါငွေကို သိမ်းယူနိုင်သည်ဟု Seng Li က ဆိုသည်။ သို့သော် အဆိုပါက စနစ်ကို လက်တွေ့ မည်သို့အသုံးချမည်ကို ဆက်လက်စောင့်ကြည့်ရမည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

KIO ထိန်းချုပ်နယ်မြေများတွင် မြေရှားသတ္တုတူးဖော်ရေးနှင့် ပတ်သက်သည့် စည်းမျဉ်းများရှိကြောင်း ယခင်က လည်း ထုတ်ဖော်ပြောဆိုမှုများ ရှိခဲ့သည်။

Global Witness ၏ ၂၀၂၄ ခုနှစ် စုံစမ်းလေ့လာမှုတွင် KIO ပြောရေး ဆိုခွင့်ရှိသူက သဘာဝပတ်ဝန်းကျင် ထိခိုက် မှုကို လျှော့ချရန် တူးဖော်ရေးကုမ္ပဏီများအပေါ် “တင်းကျပ်သည့် စည်းမျဉ်းများ” ချမှတ်ထားကြောင်း ပြောခဲ့ သော်လည်း အဖွဲ့က မေးမြန်းခဲ့သည့် ဒေသခံများမှာ ထိုအချိန်က ရှင်းလင်းသည့် ဥပဒေ သို့မဟုတ် စည်းမျဉ်း မူဘောင်ကို မသိရှိကြကြောင်း ဖော်ပြထားသည်။

Global Witness ၏ ဂြိုဟ်တုဓာတ်ပုံ (Satellite imagery) စိစစ်ချက်အရ KIO ထိန်းချုပ်သည့် မိုးမောက်မြို့နယ် တွင် မှတ်တမ်းတင်နိုင်သည့် မြေရှားတူးဖော်ရေးနေရာသည် ၂၀၂၁ ခုနှစ်က ၉ နေရာသာ ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ် အကုန်တွင် နေရာ ၄၀ ကျော်အထိ တိုးလာခဲ့သည်။ 

အဆိုပါ လုပ်ငန်းများကြောင့် ဖြစ်နိုင်သည့် သဘာဝပတ်ဝန်း ကျင်နှင့် လူမှုရေးထိခိုက်မှုများကို လျှော့ချရန် အပြည်ပြည်ဆိုင်ရာ စံနှုန်းနှင့် ကိုက်ညီသည့် ကာကွယ်မှုများ မတည်ဆောက်နိုင်မချင်း တူးဖော်မှုများကို ရပ်ဆိုင်းထားရန် KIO ကို တိုက်တွန်းခဲ့သည်။

ဆွေးနွေးပွဲတွင် Seng Li က KIO သည် စစ်ရေးလုပ်ငန်းများအပြင် ကျန်းမာရေး၊ ပညာရေးနှင့် အခြား ဝန်ဆောင် မှုများကို ဆောင်ရွက်ရသည့် ဒေသအုပ်ချုပ်ရေးအဖွဲ့ တရပ်ကဲ့သို့ လည်ပတ်နေသဖြင့် ဝင်ငွေလိုအပ်ချက်ရှိနေ ကြောင်းလည်း ထောက်ပြထားသည်။

ကမ္ဘာလုံးဆိုင်ရာ အကြီးစားမြေရှားသတ္တု ထောက်ပံ့မှုကွင်းဆက်တွင် မြန်မာနိုင်ငံသည် အရေးပါသည့် အရင်း အမြစ်နေရာ ရရှိထားကာ အဆိုပါကုန်ကြမ်းများကို သန့်စင်ပြုပြင် ထုတ်လုပ်သည့် တရုတ်နိုင်ငံ၏ စက်မှု လုပ်ငန်းများနှင့် အဓိက ချိတ်ဆက်နေသည်။

Global Witness က ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံ၏ အကြီးစားမြေရှား ကုန်သွယ်မှုတန်ဖိုးကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံခန့် ရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။

ICBMS5 ဆွေးနွေးပွဲတွင်လည်း မြေရှားတူးဖော်မှုကြောင့် ဖြစ်ပေါ်လာသည့် တာဝန်ယူမှုသည် နယ်မြေထိန်းချုပ် သည့် လက်နက်ကိုင်အဖွဲ့များအပေါ်သာ မကျရောက်ဘဲ တူးဖော်ရေးလုပ်ငန်းရှင်များ၊ ကုန်သည်များ၊ သန့်စင် ပြုပြင်ထုတ်လုပ်သည့် ကုမ္ပဏီများနှင့် ကမ္ဘာ့ထောက်ပံ့မှုကွင်းဆက် တလျှောက် ပါဝင်သူများတွင်ပါ တာဝန်ရှိ ကြောင်း Seng Li က ထောက်ပြခဲ့သည်။

Most read this week

ဓာတ်ပုံ - Thazin Nyunt Aung (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စား လှယ်ဟောင်း ဦးဖြိုးဇေယျာသော်။
August 19, 2026
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် ဖမ်းဆီး...
ဓာတ်ပုံ - စစ်အုပ်စုလက်အောက်ခံ ပြည်သူ့စစ် (မလှိုင်မြို့နယ်နှင့် ဆက်သွယ်နေသည့် မိတ္ထီလာမြို့အဝင်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စစ်အုပ်စုတပ်က ယာဉ်များကို စစ်ဆေးနေစဉ်။)
August 19, 2026
မြင်းခြံ-ရန်ကုန် ခရီးသွား (Express) မော်တော်ယာဉ်များကို မလှိုင်မြို့ စစ်အုပ်စုဂိတ်က တားဆီးစစ်ဆေး...
ဓာတ်ပုံ - မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့ကို ပြီးခဲ့သည့် ဇူလိုင်လအတွင်း က တွေ့ရစဉ်။ / မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေး
August 18, 2026
အာဏာသိမ်းကာလအတွင်း စစ်အုပ်စုတပ် လက်လွှတ်ဆုံးရှုံးခဲ့ရသည့် မြိုင်မြို့နယ်၊ ဝဲတူးရေနံမြေအတွင်းသို့...
ဓာတ်ပုံ - မဇ္ဈိမ
August 18, 2026
ကချင်ပြည်အတွင်း မြေရှားသတ္တုတူးဖော်သည့်နေရာ ၅၁၄ ခုအထိ ရှိလာပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး...