နိုင်/ကျဉ်းသားများလွတ်မြောက်ရေး ၁၂ ရက်တာ Blue Shirt Campaign စတင်

နိုင်/ကျဉ်းသားများလွတ်မြောက်ရေး ၁၂ ရက်တာ Blue Shirt Campaign စတင်

ဝါရင့်နိုင်ငံရေးသမားနှင့် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ၁၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်ရေးအတွက် ရည်ရွယ်သည့် "Blue Shirt Campaign" လူထုလှုပ်ရှားမှုကို ဧပြီလ ၁၀ ရက်နေ့မှ စတင်၍ ၂၁ ရက်နေ့အထိ ၁၂ ရက်တိုင်တိုင် ပြုလုပ်သွားမည်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ကြေညာချက်ထုတ်ပြန်သည်။

အဆိုပါ ကမ်ပိန်းကို India For Myanmar (I4M)အပါအဝင် ၇၄/၇၅/၇၆ နိုင်ငံရေးအင်အားစု၊ အထွေထွေ သပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) အပါအဝင် အဖွဲ့အစည်းပေါင်း ၃၀ ကျော်က ပူးပေါင်းတိုက်တွန်းထားခြင်းဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အမြဲတစေ ရင်ဆိုင်တိုက်ပွဲဝင်ခဲ့သည့် ဦးဝင်းတင်၏ စိတ်ဓာတ်ကို အစဉ်အမြဲ သတိရနေစေရန်နှင့် လက်ရှိတွင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့် သမ္မတကြီး ဦးဝင်းမြင့်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် ပြည်တွင်းပြည်ပ လူထုအင်အားဖြင့် ဖိအားပေးရန် ရည်ရွယ်ခြင်းဟု သိရသည်။

ပြည်သူလူထုအနေဖြင့်-

- အပြာရောင်အဝတ်အစား (Blue Shirt) များ ဝတ်ဆင်၍ ဓာတ်ပုံ သို့မဟုတ် ဗွီဒီယိုများ ရိုက်ကူးကာ လူမှုကွန်ရက်ပေါ်တွင် မျှဝေခြင်း။

- ကမ်ပိန်းနှင့်သက်ဆိုင်သည့် Hashtag များဖြစ်သော #blueshirt4politicalprisoners၊ #FreeAllPoliticalPrisoners နှင့် #blueshirtmovementmyanmar တို့ကို အသုံးပြု၍ ရေးသားဖော်ပြခြင်း။

- မိမိတို့၏ မိတ်ဆွေများနှင့် လုပ်ဖော်ကိုင်ဖက်များကိုလည်း လှုပ်ရှားမှုတွင် ပါဝင်လာစေရန် ဖိတ်ခေါ်ခြင်း။

“နိုင်ငံရေးအကျဥ်းသားများ လွတ်မြောက်ရေးသည် ပြည်သူတရပ်လုံး လွတ်မြောက်ရေးနှင့် စစ်အာဏာရှင်စနစ် ကျဆုံးရေးအထိ အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်သည်" ဟု ပူးပေါင်းအဖွဲ့အစည်းများက ဆိုသည်။

ယခုလှုပ်ရှားမှုတွင် ပါဝင်သည့် အဖွဲ့အစည်းများထဲ၌ ချင်းတိုင်းရင်းသားများ ဦးဆောင်သည့် India For Myanmar ကဲ့သို့သော နယ်စပ်ဖြတ်ကျော် လှုပ်ရှားမှုအဖွဲ့များ၊ အမျိုးသမီးအဖွဲ့အစည်းများ၊ လူငယ်အင်အားစုများနှင့် ကျောင်းသားသမဂ္ဂများ ပါဝင်သည်။

ဟံသာဝတီ ဦးဝင်းတင်သည် ၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး၊ ၎င်းသည် အကျဉ်းထောင် အတွင်းမှ လွတ်မြောက်လာသည့်တိုင်အောင် နိုင်ငံရေးအကျဉ်းသားများအားလုံး မလွတ်မြောက်သေးသရွေ့ အကျဉ်းထောင်ဝတ်စုံဖြစ်သော အပြာရောင်အင်္ကျီကိုသာ ဘဝနိဂုံးချုပ်ချိန်အထိ စွဲမြဲစွာ ဝတ်ဆင်သွားခဲ့သူ ဖြစ်သည်။

May 21, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသော ZFU/PDF-Zoland က ကချင်လွတ်လပ်ရေးတပ်မတော်...
May 20, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့ကို အာဏာသိမ်းစစ်တပ်နှင့် ZRA – EC ပူးပေါင်းတပ်များ၏...
May 18, 2026
ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက်ပြီးနောက် ဖလမ်း- ဟားခါး လမ်းပိုင်း...
May 15, 2026
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်ရှိသော ကူကီး...