ကသာမြို့မှာ ကူးတို့ဆိပ်လိုင်း လွှဲပြောင်းပေးမှုအပေါ် ဒေသခံများမကျေနပ်

ကသာမြို့မှာ ကူးတို့ဆိပ်လိုင်း လွှဲပြောင်းပေးမှုအပေါ် ဒေသခံများမကျေနပ်

စစ်ကိုင်းတိုင်း– ကချင်အစပ်က ကသာမြို့မှာ ကူးတို့ဆိပ်လိုင်းတစ်ခုကို လုပ်ထုံးလုပ်နည်းအတိုင်းမဟုတ်ဘဲ လွှဲပြောင်းပေးခဲ့တာကြောင့် ဒေသခံတွေအကြားဝေဖန်မှုတွေမြင့်တက်နေပါတယ်။

ကသာမြို့မှာ လက်ရှိ ကားတွေကူးဖို့ အသုံးပြုတဲ့ ဇက်လိုင်းနဲ့ လူနဲ့ ဆိုင်ကယ်တွေကူးဖို့ရန် သီးသန့်ထားရှိတဲ့ ဇက်လိုင်းတွေကို သီးခြားစီလည်ပတ်နေတာလို့သိရပါတယ်။

ဒေသခံတစ်ဦးရဲ့ ပြောကြားချက်အရ အဆိုပါ အင်းရွာ–ကလုံ လူနဲ့ဆိုင်ကယ်ကူးတဲ့ဇက်လိုင်းကို မနှစ်တုန်းက သိန်း ၁၇၀၀ နဲ့ ဝယ်ယူထားသူတစ်ဦးရှိပြီး အခုတစ်ခါမှာလည်း ကားတွေကူးဖို့အသုံးပြုတဲ့ဇက်လိုင်းကိုပါ အဲ့ဒီလူကိုပဲ တိုက်ရိုက်ပြန်လွှဲပေးလိုက် တာဖြစ်တယ်လို့ ဆိုပါတယ်။

“မနှစ်တုန်းက အင်းရွာ–ကလုံလိုင်းပိုင်ရှင်ပေါ့သူက။ အဲ့လိုင်းကို သိန်း ၁၇၀၀ နဲ့ဈေးကြီးပေးထားရတာ။ သူ့ကိုအခုက ကား ကူးတို့ ဆိပ်ကိုပါ သူ့ကိုပြန်ပေးတဲ့သဘော။ အဲ့တော့ အရင်က ကားကူးတို့ပိုင်ရှင်က သက်တမ်းတိုးခွင့်မရှိဘဲ လွှဲပြောင်းပေးခံ လိုက်ရတာပေါ့။ လူထုတွေကတော့ တော်တော်အသံထွက်နေတာပေါ့။ မတရားဘူးပေါ့လေ။”လို့ဒေသခံအမျိုးသားတစ်ဦးက ဖြစ်စဥ်ကိုရှင်းပြပါတယ်။

ပုံမှန်လုပ်ထုံးလုပ်နည်းအရဆိုရင် ကူးတို့ဆိပ်လိုင်းတွေကို သက်တမ်းတိုးခွင့်ပေးနိုင်သလို သက်တမ်းမတိုးဘူးဆိုရင်လည်း လေလံ ပြန်ပစ်ပေးရမယ့်စနစ်ရှိတယ်လို့ သိရပါတယ်။

ဒါပေမဲ့ အခုဖြစ်ခဲ့တဲ့ကိစ္စမှာတော့ လေလံမပစ်ဘဲ ချက်ချင်းအစည်းအဝေးခေါ်ယူကာ နောက်နေ့မှာပဲ လွှဲပြောင်းပေးလိုက်တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အထူးသဖြင့် အရင်က ကူးတို့ဆိပ်ပိုင်ရှင်ဘက်က သက်တမ်းတိုးခွင့်မရဘဲ လက်လွှတ်လိုက်ရတာဖြစ်ပြီး အများပြည်သူအတွက် အခွင့်အရေးမတူညီမှုရှိနေတယ်လို့ ဒေသခံတွေအကြားဝေဖန်နေကြတာဖြစ်ပါတယ်။

“ဒီဘက်ကလည်း တောင်းဆိုတယ်တဲ့ ထုံးစံအတိုင်း လေလံပစ်ပေးပေါ့လေ။ ပစ်ပေးလို့ ဆွဲနိုင်ရင်ဆွဲမယ်။ မဆွဲနိုင်ဘူးဆိုရင်တော့ လက်ခံနိုင်တယ်ပေါ့။ အခုကလေလံလည်း မပစ်ခိုင်းဘူး။ လကုန်တောင် မစောင့်ဘူး။ ချက်ချင်းဒီနေ့ကြီး အစည်းဝေးခေါ် နောက်နေ့ ကျတော့ လွှဲပြောင်းပေးလိုက်တာ။”လို့ အထက်ပါဒေသခံအမျိုးသားကဘဲ ဆက်ပြောပါတယ်။

ကသာမြို့နယ် ဧရာဝတီမြစ်ဘေးတစ်လျှောက်ရှိတဲ့ကျေးရွာတွေဟာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပြင်းထန်လာတဲ့စစ်ရေး အခြေနေတွေကြောင့် ရေလမ်းကို အဓိကထားအသုံးပြုနေရတာဖြစ်ပြီး မန္တလေး–ကချင်ပြည်နယ် ကားလမ်းပိတ်ဆို့မှုတွေကြောင့်လည်း ရေလမ်းကိုအသုံးပြုသူတွေများပြားလာတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကသာမြို့တွင်းလမ်းကလည်းစစ်ကောင်စီရဲ့ စစ်ဆေးရေးနဲ့ဖမ်းဆီးမှုတွေကြောင့် ဒေသခံတွေအသုံးမပြုရဲကြဘူးလို့ ဆိုပါတယ်။

ဒီရေကြောင်းလမ်းတွေကိုအဓိကအသုံးပြုနေကြရသူတွေထဲ ကသာမြို့နယ်အတွင်းနေထိုင်ကြတဲ့ ဈေးသည်အများစုနဲ့ အခြေခံ လူတန်းစားများစွာပါဝင်တယ်လို့သိရပါတယ်။

စစ်ကိုင်းနဲ့ကချင်အစပ်မှာရှိတဲ့ စစ်ကိုင်းတိုင်းထဲက NUG စိုးမိုးထားတဲ့နယ်မြေတွေအပါအဝင် တစ်ခြားသောဒေသတွေမှာ ရှိတဲ့ NUG စိုးမိုးနယ်မြေတွေမှာ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ကြားကာလအုပ်ချုပ်ရေးယန္တရားတွေနဲ့လည်ပတ်နေပြီး စိန်ခေါ်မှုတွေလည်းများစွာရှိနေတာဖြစ်ပါတယ်။

By – အမိုး

April 9, 2026
နော်ထွယ့်(ဟူးကောင့်) — တနိုင်းသွား လီဒိုလမ်းမပေါ် ရှိ ဝါရာဇွပ်စစ်ရှောင်ပြည်သူတွေဟာ...
April 8, 2026
နော်ထွယ့်(ဟူးကောင့်) — ဖားကန့်မှာ တပ်မကုန်းပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်ကနေ...
April 7, 2026
ဒေသခံတစ်ဦးက သူ့အမြင်ကို ထုတ်ဖော်ပြောဆိုရန် စိတ်ရှိနေသော်လည်း လုံခြုံရေးအပေါ် စိုးရိမ်မှုများက...
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ထီးချိုင့်တိုက်ပွဲတွင်း မြင်ကွင်းတစ်ချို့ Photo - Crd
April 7, 2026
စစ်ကိုင်းတိုင်း ကချင်အစပ်က ထီးချိုင့်မြို့ကို စစ်ကောင်စီတပ်ကပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်ပိုင်း...