မွန်ပြည်နယ်အစိုးရအဖွဲ့တွင် မွန်ညီညွတ်ရေးပါတီက ဝန်ကြီးနှစ်ဦး ခန့်အပ်ခံရ

မွန်ပြည်နယ်အစိုးရအဖွဲ့တွင် မွန်ညီညွတ်ရေးပါတီက ဝန်ကြီးနှစ်ဦး ခန့်အပ်ခံရ

စစ်အုပ်စုက လွှမ်းမိုးထားသည့် မွန်ပြည်နယ်အစိုးရအဖွဲ့တွင် မွန်ညီညွှတ်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးကို ဝန်ကြီးအဖြစ် ယနေ့တွင် ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် အတည်ပြုခန့်အပ်လိုက်သည်။

ဧပြီလ ၇ ရက်နေ့တွင် ကျင်းပသည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ခုနစ်ဦးကို လွှတ်တော်က အတည်ပြုခန့်အပ်ခဲ့ခြင်းဖြစ်သည်။

လွှတ်တော်က အတည်ပြုခန့်အပ်လိုက်သည့် ဝန်ကြီး ခုနစ်ဦးတွင် မွန်ညီညွတ်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့် နိုင်လယိတမကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ်နှင့် မိလဝီဟန်ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။

နိုင်လယိတမသည် စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်ခံရပြီး လက်ရှိတွင်လည်း ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည့်အပြင် မကြာသေးခင်ကလည်း စစ်ခေါင်းဆောင်က ဝဏ္ဏကျော်ထင်ဘွဲ့ ပေးအပ်ခဲ့သူဖြစ်သည်။

မိလဝီဟန်ကတော့ စစ်အုပ်စုကျင်းပခဲ့သည့် အတုအယောင်ရွေးကောက်ပွဲမှတစ်ဆင့် ရေးမြို့နယ် မဲဆန္ဒနယ်ကနေ အနိုင်ရရှိထားသည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။

လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ လူမှုရေးဝန်ကြီးအဖြစ် ဦးတင့်ဇော်ထွန်း၊ စည်ပင်သာယာရေးဝန်ကြီးအဖြစ် ဒေါက်တာ အောင်မြတ်ကျော်စိန်၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအဖြစ် ဦးမင်းဇေယျာဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးအဖြစ် ဦးမင်းမြင့်မောင်လေးတို့ကို ခန့်အပ်ခဲ့သည်။

ဗမာတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဦးမျိုးမင်းလှိုင်၊ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဦးချစ်သိန်းနှင့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဦးစောအောင်ကျော်သိန်းတို့ကိုလည်း လွှတ်တော်က အတည်ပြုခန့်အပ်ခဲ့သည်။

ဝန်ကြီးအဖြစ် ခန့်အပ်ခံရသည့် ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ ဦးတင့်ဇော်ထွန်း၊ ဒေါက်တာအောင်မြတ်ကျော်စိန်တို့သည်လည်း လက်ရှိတွင် ပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူများဖြစ်သည်။

လက်ရှိ ကျင်းပနေသည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ဝန်ကြီးချုပ်ခန့်အပ်ခြင်း၊ ဝန်ကြီးဌာနနှင့် ဝန်ကြီးများ အတည်ပြုခန့်အပ်ခြင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ တရားသူကြီး အတည်ပြုခန့်အပ်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။

CJ(ယခင်ပုံဟောင်း)
April 7, 2026
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA ထိန်းချုပ်ရာ...
April 4, 2026
မွန်ပြည်နယ်၊ ၁၀ မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စစ်ကော်မရှင်မှ သတ်မှတ်ထုတ်ပြန်ထားသည့်...
April 3, 2026
မြန်မာနိုင်ငံတွင် ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် Central Equipment Identity...
April 2, 2026
အမှတ် (၈) ပြည်ထောင်စုလမ်းမကြီး မြိတ်-ထားဝယ် ကားလမ်းပိုင်းကို သွားလာခွင့်ပြုပြီး ၃ ရက်အကြာ မတ်လ...