ပေါင်တွင် သီးနှံစိုက်တောင်သူများ ရေတင်စက်ဖြင့် တန်းစီ ဆီဝယ်ယူနေရ

ပေါင်တွင် သီးနှံစိုက်တောင်သူများ ရေတင်စက်ဖြင့် တန်းစီ ဆီဝယ်ယူနေရ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းက သီးနှံစိုက်တောင်သူများ လုပ်ငန်းသုံး ရေတင်စက်များဖြင့် တန်းစီ ဆီဝယ်ယူနေရသည်ဟု သီးနှံစိုက်တောင်သူတို့ထံမှ သိရသည်။

သီးနှံစိုက်တောင်သူများအနေဖြင့် စက်သုံးဆီဝယ်ယူရာတွင် ရေတင်စက် သယ်လာမှသာ ဝယ်ယူခွင့်ပြုကြောင်း ရပ်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စက်သုံးဆီအရောင်းဆိုင်တို့က အသိပေးထားသည်ဟု ဆိုသည်။

စက်တစ်လုံးလျှင် ဓာတ်ဆီ ကျပ်တစ်သောင်းနှုန်း ခွဲတမ်းဖြင့် တစ်ပတ်လျှင် တစ်ကြိမ်ရောင်းချပေးသည်ဟု ပေါင်မြို့နယ်အတွင်းက ကွမ်းစိုက်တောင်သူ အမျိုးသားတစ်ဦးက ပြောသည်။

“ဓာတ်ဆီက ထောက်ခံစာနဲ့ရော ပုံးတွေနဲ့ရော ခြံလုပ်တဲ့သူတွေကို မရောင်းပေးဘူး။ စက်ယူလာမှ ရောင်းပေးတယ်။ ဒါပေမဲ့ ရောင်းပေးတဲ့ ပမာဏက နည်းတယ်။ ရေပေးရင် တစ်နာရီလောက်ပဲ ရမယ်။ နေ့တိုင်း ရောင်းပေးရင် ကိစ္စမရှိဘူး။ အခုက တစ်ပတ်မှ တစ်ခါ၊ ဓာတ်ဆီက လိုသလောက်မရတော့ ရေအလုံအလောက် ဖြန်းမပေးနိုင်ဘူး။ အပင်တွေကလည်း ခြောက်ကုန်တယ်။” ဟု ၎င်းက ပြောသည်။

စက်သုံးဆီ လိုသလောက်ဝယ်မရခြင်းကြောင့် သီးနှံပင်များ ရေမသွင်းနိုင်သည့်အတွက် စိုက်မလုံလောက်မှုကြောင့် ကွမ်းပင်များ၊ ဒူးရင်းပင်များနှင့် အခြားဥယျာဉ်ခြံသီးနှံများ ခြောက်သွေ့ကာ ပျက်စီးမှုများရှိနေပြီး အချို့အပင်များက ပြန်လည်ရှင်သန်ရန် ခက်ခဲသည့်အခြေအနေသို့ ရောက်ရှိနေကြောင်းလည်း သီးနှံစိုက်တောင်သူတို့က ပြောသည်။

လက်ရှိတွင် စက်သုံးဆီပြတ်လပ်မှုကြောင့် ပေါင်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်ကြီးဆိုင်များ တစ်ပတ်လျှင် နှစ်ရက်သာ ရောင်းပေးနေသည်ဟုလည်း သိရသည်။

နွေစပါးစိုက်တောင်သူများအနေဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး ထောက်ခံစာဖြင့် တစ်ဧကလျှင် ဓာတ်ဆီ သုံးဂါလံနှုန်းဖြင့် ဝယ်ယူခွင့်ပြုထားသော်လည်း အရောင်းဆိုင်များက သတ်မှတ် ပမာဏအတိုင်း မရောင်းပေးဘဲ တစ်ဂါလံနှုန်း (သုံးပုံတစ်ပုံ) ဖြင့်သာ ရောင်းချပေးနေသည်ဟု လယ်ယာစိုက်တောင်သူတို့က ပြောသည်။

“လယ်ယာစိုက်တဲ့သူတွေကို ထောက်ခံစာနဲ့ ပေးဝယ်ခိုင်းတယ်။ ကျွန်မတို့မှာ လယ် ၁၀ ဧက ရှိတယ်။ အဲဒါ သူတို့က ကျွန်မတို့ကို ၃၀ ဂါလံပေးရမှာကို အခု ၅ ဂါလံပဲ ပေးတယ်။ ရိတ်သိမ်းမမီတော့ဘူး အခုမိုးကလည်း ရွာတော့မယ်။ ဖားအော်သံ ကြားနေရပြီး၊ အဲ့သံတွေကြားရတာနဲ့ အမောမပြေတော့ဘူး။ ဘာမှ လုပ်မရလို့။” ဟု ပေါင်မြို့နယ်အတွင်းက လယ်ယာစိုက်တောင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

နွေစပါးစိုက်တောင်သူများ စက်သုံးဆီ ဝယ်မရသည့်အတွက် အချိန်မီ စပါးရိတ်သိမ်းနိုင်ခြင်းမရှိဘဲ မိုးရွာချမည်ဆိုပါက စပါးအရည်အသွေးကျပြီး ဆုံးရှုံးမှုများနိုင်သည့်အခြေအနေရှိသည်။

တောင်သူများအနေဖြင့် စိုက်ပျိုးရေးကုန်ကျစရိတ်များ တိုးမြင့်လာသည့်အပြင် ထွက်ရှိမည့် သီးနှံအရေအတွက်လည်း လျော့နည်းလာနိုင်သဖြင့် ဝင်ငွေရရှိမှုနည်းပြီး စားဝတ်နေရေးအတွက် အခက်အခဲဖြစ်ပေါ်နိုင်သည်ဟုလည်း ဆိုကြသည်။

August 25, 2026
မုဒုံ-အဘစ်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းနှင့် မော်လမြိုင်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းမှ...
ဓာတ်ပုံ - Crd (မြဝတီမြို့ခံတစ်ဦး၏ လူမှုကွန်ရက်) ဩဂုတ်လ ၂၄ ရက်နေ့ မြဝတီမြို့ပေါ် ရေလွှမ်းမိုးနေသည့် အခြေအနေ။
August 24, 2026
သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပြန်လည်ကျော်လွန်လာသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း...
August 24, 2026
ထိုင်းနိုင်ငံ၏ တရားဝင် တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအဖြစ် မှတ်ပုံတင်နိုင်ရေးအတွက်...
August 22, 2026
မွန်ပြည်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် စစ်ဘေးရှောင်နေရသူများ ရေဘေးအန္တရာယ်ပါ ထပ်မံကြုံ...