ခေတ်သစ်စစ်ပွဲအောင်နိုင်ရေးအတွက် ဝေဟင်စိုးမှု အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

ခေတ်သစ်စစ်ပွဲအောင်နိုင်ရေးအတွက် ဝေဟင်စိုးမှု အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။

ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

“လေကြောင်းနှင့် အာကာသစွမ်းအားသည် အမျိုးသားအကျိုးစီးပွားဖော်ဆောင်ရေးနှင့် စစ်ပွဲအောင်နိုင်ရေးအတွက် များစွာအဓိကကျအရေးပါသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း” ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် ၂၀၁၁ ခုနှစ်မှစတင်ကာ လေတပ်ကို ဘက်စုံတိုးတက်စေရန် အရင်းအမြစ်များ တွက်ချက်ဖြည့်တင်း ပေးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

အဆိုပါအခမ်းအနားတွင် စစ်ကော်မရှင် (လေ) မှ လေယာဉ်၊ ရဟတ်ယာဉ်များ သရုပ်ပြအုပ်ဖွဲ့ ပျံသန်းအလေးပြုခြင်းကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ပျံသန်းမှုအစီအစဉ်တွင် သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များ၊ ကင်းထောက်လေယာဉ်များနှင့် အပေါ့စားရဟတ်ယာည်များက Formation အုပ်ဖွဲ့ပုံစံများဖြင့် လည်းကောင်း၊ အမောင်းသင်လေယာဉ်များက Kite Formation ပုံစံဖြင့်လည်းကောင်း ပျံသန်းအလေးပြုခဲ့ကြကြောင်း ဆိုသည်။

စစ်ကော်မရှင်က လေတပ်အင်အားကို တိုးချဲ့နေသော်လည်း မြေပြင်တွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်များမှာ သိသိသာသာ မြင့်တက်နေကြောင်း Myanmar Peace Monitor (BNI) ၏ မှတ်တမ်းများက ဖော်ပြနေသည်။

BNI ၏ အချက်အလက်များအရ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်မှ ၂၅ ရက်ထိ နှစ်ပတ်တာ ကာလအတွင်း၌ စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း (၃၃) ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အထူးသဖြင့် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှု (၇) ခုစီဖြင့် အများဆုံး လုပ်ဆောင်ခဲ့ကြောင်း ဆိုသည်။

အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်မှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိ ငါးနှစ်တာကာလအတွင်း စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ် စုစုပေါင်း ၂,၉၉၇ ခုအထိ ရှိလာခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များက စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုများသည် အရပ်သားများအပေါ် ပစ်မှတ်ထားခြင်း ဖြစ်သည်ဟု ဝေဖန်ထားသော်လည်း စစ်ကော်မရှင်ဘက်ကမူ ၎င်းတို့သည် အချုပ်အခြာအာဏာကို ခြိမ်းခြောက်နေသည့် အကြမ်းဖက်မှုများကို နှိမ်းနင်းနေခြင်းသာ ဖြစ်ကြောင်း ပြောဆိုထားသည်။

April 22, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန် ပြုပြင်ထိန်းသိမ်းမှု...
April 21, 2026
သျှမ်းပြည် တောင်ကြီး၊ ဆီဆိုင်နှင့် ဟိုပုံးမြို့နယ့်အတွင်းရှိ ပုံးအင်းဒေသတွင် ခရုနီများ...
April 20, 2026
စိုင်းခွမ်မိန်း —မြန်မာနှစ်သစ်ကူးရက်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အကျဉ်းထောင် အသီးသီးရှိ...
April 11, 2026
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် သင်္ကြန်ပွဲတော် ကျင်းပရန် မဏ္ဍပ်(၉)ခုထက်မနည်း...