ဖားအံနှင့် မြဝတီတွင် ပေါ်တာဆွဲဖမ်းဆီးမှုများ ခပ်စိပ်စိပ် ပြန်လည်လုပ်ဆောင်လာ

ဖားအံနှင့် မြဝတီတွင် ပေါ်တာဆွဲဖမ်းဆီးမှုများ ခပ်စိပ်စိပ် ပြန်လည်လုပ်ဆောင်လာ

ကရင်ပြည်နယ်၊ ဖားအံနှင့် မြဝတီမြို့တို့တွင် လူငယ်များကို ပစ်မှတ်ထား၍ ညအချိန် စစ်မှုထမ်းရန် ပေါ်တာဆွဲဖမ်းဆီးမှုများ ခပ်စိပ်စိပ် ပြန်လည်လုပ်ဆောင်လာနေကြောင်း မြို့ခံများက ပြောသည်။

ကရင်ပြည်နယ်၊ နယ်စပ်မြို့ဖြစ်သော မြဝတီတွင် ညအချိန်မတော် အပြင်ထွက်သည့် လူငယ်များကို အဓိက ပစ်မှတ်ထား ဖမ်းဆီးနေခြင်းဖြစ်ပြီး၊ ပြီးခဲ့သည့် လပိုင်းမှစ၍ ယခုအချိန်ထိ လူငယ်များ အတင်းအဓမ္မ ဖမ်းဆီးခံရမှုများ ခပ်စိပ်စိပ် ဖြစ်ပေါ်နေသည်ဟု မြဝတီမြို့ခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ရပ်ကွက်ထဲမှာ လမ်းလျှောက်သွားရင်း အဖမ်းခံရတာမျိုး အမြဲရှိတယ်။ ဒါက ရပ်ကွက် အုပ်ချုပ်ရေးမှူးအပေါ်မှာလည်း မူတည်တယ်။ အုပ်ချုပ်ရေးမှူးပြောတာကတော့ အလုပ်အကိုင် ကောင်းကောင်းမွန်မွန်နဲ့ နေထိုင်တဲ့သူတွေကို မဖမ်းဘူးပေါ့။ ဒါပေမဲ့ ညအချိန် လမ်းလျှောက်သွားလို့ တွေ့ရင်တော့ ဖမ်းမယ်ဆိုပြီး ပြောထားတာရှိတယ်” ဟု ပြောသည်။

ထို့အတူ ဖားအံမြို့တွင်လည်း လူငယ်အချို့ မကြာခဏ ဖမ်းဆီးခံနေရပြီး ဖမ်းဆီးခံရသူ အများစုမှာ ကရင်ပြည်နယ် စစ်မှုထမ်းလေ့ကျင့်ရေးကျောင်းသို့ ပို့ဆောင်ခံနေရသည်ဟု အမှတ် (၉) ရပ်ကွက်ရှိ အမျိုးသမီးတစ်ဦးကလည်း ပြောသည်။

“ကျမသူငယ်ချင်းရဲ့သားဆိုရင် ညအချိန် ကာစီနိုသွားပြီး သူငယ်ချင်းနဲ့အပြန် အချိန်ကျော်သွားတော့ လမ်းမှာ ဖမ်းခေါ်ခံလိုက်ရတယ်။ သူ့သူငယ်ချင်းရော သူရောပဲ။ စစချင်းမှာ ဘယ်သူကဖမ်းမှန်း မသိရဘူး။ တစ်လလောက်ကြာမှ လေ့ကျင့်ရေးကျောင်း ရောက်သွားပြီဆိုပြီး အဆက်အသွယ် ပြန်ရတာ။ မိဘကလည်း သူ့ကလေးကို တစ်ခုခုလုပ်မှာစိုးလို့ ဘာမှမပြောရဲကြဘူး” ဟု သူမက ပြောသည်။

တစ်ချိန်တည်းမှာပင် လက်ရှိ၌ ဖားအံနှင့် မြဝတီကဲ့သို့သော မြို့ပြများတွင်သာမက မြို့ပြင်ရှိ လူငယ်များ သွားလာတတ်သည့် နေရာများတွင်လည်း စစ်မှုထမ်းရန် လိုက်လံစည်းရုံးနေသူများ ရှိနေသည်ဟု ဖားအံမြို့ခံ လူငယ်တစ်ဦးက ပြောသည်။

“ကျနော် ပြီးခဲ့တဲ့အပတ်က လူသွားလာများတဲ့ နေရာကို သွားလည်တော့ အမျိုးသားတစ်ဦးက စစ်မှုထမ်းဝင်မလား၊ BGF လည်းရတယ်၊ စစ်တပ်ဘက်ကလည်း ရတယ်၊ သွားချင်ရင် ပို့ပေးမယ်ဆိုပြီး လာပြောတယ်။ အတည်လိုလို နောက်သလိုလိုနဲ့ လာလုပ်နေတာ” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် စစ်မှုထမ်းခေါ်ယူမှုနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့် ကြားခံလူများက ဥပဒေကို လက်တစ်လုံးခြားလုပ်ကာ မတရားဆောင်ရွက်မှုများ ရှိနေသည်ဟု ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပြုလုပ်သော စစ်အုပ်စု၏ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ အစည်းအဝေး၌ ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောဆိုခဲ့ကြောင်း စစ်အုပ်စု သတင်းပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် စစ်အုပ်စုသည် စစ်မှုထမ်းအမှတ်စဉ် (၁၉) အထိ သင်တန်းဆင်း ပေးခဲ့ဖြစ်သည်။ မတရားစစ်မှုထမ်းသင်တန်းတက်ရောက်ပြီးနောက် ရှေ့တန်းထွက်ရသည့် စစ်မှုထမ်းအများအပြားမှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များထံ ဘက်ပြောင်းခိုလှုံမှုများလည်း ရှိနေသည်။

March 2, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ် (သရက်ချောင်း နယ်မြေ)သို့...
February 28, 2026
“စစ်ရှောင်တွေက အရမ်းကို အခက်အခဲ ဖြစ်နေတယ်။ သူတို့ကိုယ်တိုင် ရပ်တည်ဖို့က လုံးဝကို...
Photo: KHRG
February 27, 2026
မိုင်းနှင့်ပေါက်ကွဲစေတတ်သည့် စစ်လက်နက်အကြွင်းအကျန်များကြောင့် ထိခိုက်သေဆုံးသူအများဆုံး ကမ္ဘာ့(၁၁...
February 26, 2026
မြဝတီမြို့တောင်ဘက် ဖလူး-မဲကနယ်တောလမ်းတစ်နေရာတွင် သွားလာနေသည့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်...