မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်နိုင်ရေး စစ်ကော်မရှင် ဌာနစုံစည်းရုံးရေးဆင်း

မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်နိုင်ရေး စစ်ကော်မရှင် ဌာနစုံစည်းရုံးရေးဆင်း

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို မကြာခင် ဖွဲ့စည်းမယ့် အစိုးရလက်ထက်မှာ အ‌ကောင်အထည်ဖော်နိုင်ဖို့ စစ်ကော်မရှင်ရဲ့ ပြည်ထောင်စုနဲ့ ပြည်နယ်အဆင့် ဌာနစုံက ကိုယ်စားလှယ်အဖွဲ့ဟာ ဖေ ဖော်ဝါရီ ၂၀ ရက်နေ့က မြစ်ကြီးနားတက္ကသိုလ်မှာ ဒေသခံတွေနဲ့ တွေ့ဆုံပြီး စည်းရုံးရေးဆင်းခဲ့ကြပါတယ်။

ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အစိုးရသစ် တည်ထောင်ပြီး တရုတ်နိုင်ငံနဲ့ ပူးပေါင်းမှုတွေ တိုးမြှင့်သွားဖို့ မျှော်လင့်တယ်လို့ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားမှာ ထုတ်ပြောပြီးနောက်ပိုင်း မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ဖို့ ဦးတည်လာတာပါ။

နိုင်ငံပိုင် ဝါဒဖြန့်သတင်းစာတွေရဲ့ ဖော်ပြချက်အရ လျှပ်စစ်နဲ့ စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် ဥက္ကဋ္ဌ၊ သမ္မတရုံးဝန်ကြီးဌာန (၁) က ဝန်ကြီး ဦးတင်အောင်စန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဧရာဝတီ မြစ်ဆုံ-မြစ်ညာ စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူတွေကို ရှင်းလင်းတင်ပြခဲ့ကြတာပါ။

မြစ်ဆုံစီမံကိန်းတွေကို ဖော်ဆောင်ရာမှာ ၅ နှစ် ကနေ ၁၀ နှစ်လောက်အထိ ကာလကြာမြင့်မှာဖြစ်တဲ့အတွက် ကြိုတင်စီမံနိုင်မှသာ အနာဂတ်နိုင်ငံတော်နဲ့ မျိုးဆက်သစ်တွေအတွက် စွမ်းအင်ဖူလုံနိုင်မယ်လို့ ဝန်ကြီး ဦးတင်အောင်စန်းက ပြောပါတယ်။

အခုလုပ်ဆောင်မယ့် မြစ်ဆုံစီမံကိန်းကနေ ထုတ်လုပ်ရရှိတဲ့ လျှပ်စစ်ဓာတ်အားတွေကို ပြည်တွင်းသုံးစွဲမှု ဖူလုံစေရေးအတွက်သာ ဦးစားပေးမယ်လို့ ဒေသခံတွေကို စည်းရုံးသိမ်းသွင်းပါတယ်။

ပြည်နယ်အတွင်း လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားကို သုံးစွဲပြီး ပိုလျှံဓာတ်အားကို ပြည်မနဲ့ အခြား ပြည်နယ်တွေက တိုင်းရင်းသားတွေအတွက် မျှဝေသုံးစွဲသွားမယ်လို့ ပြောပေမယ့် တရုတ်နိုင်ငံကို ဓာတ်အားရောင်းချမယ့် ကိစ္စမှာတော့ နှုတ်ဆိတ်နေပါတယ်။

အစိုးရအနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒကို အလေးထားကြောင်းနဲ့ စီမံကိန်းတွေ ဖြစ်ထွန်းအောင်မြင်ရေးဟာ ဒေသခံတွေရဲ့ ထောက်ခံအားပေးမှု၊ ပူးပေါင်းပါဝင်မှုအပေါ် မူတည်နေတဲ့အတွက် စီမံကိန်းအကောင်အထည်ဖော်နိုင်ရေး ဝိုင်းပူးပေါင်းပေးကြဖို့ကိုလည်း သူက တိုက်တွန်းထားတာပါ။

မြစ်ဆုံစီမံကိန်းဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ ၂၃ မိုင်ခန့်အကွာ မေခနဲ့ မလိခတို့ပေါင်းဆုံရာ မြစ်ဆုံနေရာနဲ့ မြစ်လက်တက်တွေပေါ်မှာ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် နှစ်သောင်းနီးပါး ထုတ်လုပ်နိုင်မယ့် စီမံကိန်းကြီးတစ်ခုဖြစ်ပါတယ်။

ရရှိလာမယ့် လျှပ်စစ်ဓာတ်အား ပမာဏများစွာကို တရုတ်နိုင်ငံကို ရောင်းချရမှာဖြစ်ပြီး စီမံကိန်းကြောင့် ဆိုးကျိုးသက်ရောက်မှုတွေကို ဒေသခံတွေအပါအဝင် မြန်မာပြည်သူတွေ ခံစားရမှာဖြစ်တဲ့အတွက် ကန့်ကွက်မှုတွေ ရှိခဲ့တာမို့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ရပ်ဆိုင်းခဲ့ရပြီး လက်ရှိမှာလည်း ကန့်ကွက်နေကြတာပါ။

ဒီအခြေအနေမှာ အာဏာသိမ်းမှုအတွင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် ပြိုလဲလုမတတ် ဖြစ်ခဲ့ရတဲ့ စစ်တပ်ဟာ တရုတ်အစိုးရရဲ့ ကျားကန်ပေးထားမှုကြောင့် ပြန်လည်ရုန်းထလာနိုင်ခဲ့ပြီး တရုတ်နဲ့ ပတ်သက်တဲ့ စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာအတွင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ရောက်ရှိခဲ့တဲ့ ဒုစစ်ခေါင်းဆောင်က မြစ်ဆုံစီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်ဖို့ တမံဒီဇိုင်းကို ငလျင်ဒဏ်ခံနိုင်တဲ့ ဒီဇိုင်းနဲ့ တည်ဆောက်ဖို့ ပြောဆိုထားတာပါ။ အဲဒီစီမံကိန်းဟာ စစ်ကိုင်းပြတ်ရွှေ့ကြောကနေ ၂၅ ဒဿမ ၄ ကီလိုမီတာအကွာမှာ ရှိနေပါတယ်။

လက်ရှိ စစ်ကော်မရှင်ရဲ့ ဌာနစုံက တာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပညာရှင်တွေကလည်း ရေအရင်းအမြစ်စီမံခန့်ခွဲမှုတွေ၊ ရေလှောင်တမံဒီဇိုင်းတွေ၊ စစ်ကိုင်းပြတ်ရွေ့နဲ့ ငလျင်အခြေအနေတွေအပါအဝင် ကာလအလိုက် လုပ်ဆောင်မယ့် အစီအမံတွေကို‌ ဒေသခံတွေနဲ့ ရှင်းလင်းဆွေးနွေးခဲ့ကြတယ်လို့ ဝါဒဖြန့်ထားတာပါ။

ဒါ့အပြင် နည်းပညာပိုင်းဆိုင်ရာ လုံခြုံစိတ်ချရမှုရှိစေဖို့ လုပ်ဆောင်မယ့် အခြေအနေ၊ ရေးကြီးရေလျှံမှု ကာကွယ်ရေးအပါအဝင် စီမံကိန်းဧရိယာမှာ ပါဝင်မယ့် ဒေသခံတွေရဲ့ နစ်နာကြေး လျော်ကြေးကိစ္စတွေနဲ့ ပြောင်းရွှေ့နေရာချထားမှုတွေကိုလည်း သက်ဆိုင်ရာ ဥပဒေတွေနဲ့အညီ လုပ်ဆောင်နေတယ်လို့ စစ်ကော်မရှင်က ဆိုပါတယ်။

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်ဒွဲဘူကလည်း ရေအားလျှပ်စစ်သာ ရရှိခဲ့မယ်ဆိုရင် အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မှာမို့ အနာဂတ်အတွက် အပြောင်းအလဲဖြစ်သွားမှာကို စိုးရိမ်မှုမရှိဘဲ အပြောင်းအလဲကို လက်ခံဖို့ လိုတယ်လို့ ဒေသခံတွေကို တိုက်တွန်းခဲ့ပါတယ်။

တစ်ဘက်မှာတော့ အစိုးရတွေရဲ့ လုပ်ကိုင်ခွင့်ပြုတဲ့ လုပ်ငန်းတွေကို အထောက်အထား မခိုင်လုံဘဲ ကန့်ကွက်ရင် အရေးယူမယ်လို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၆ ရက်နေ့ ရက်စွဲနဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားတာပါ။

အမိန့်ကြော်ငြာစာရဲ့ အာဏာတည်မှု အချိန်ကာလသတ်မှတ်ချက်ကို မထည့်သွင်းထားပေမယ့် ရွေးကောက်ပွဲကနေ အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရင် အဲဒီအမိန့်အတိုင်း အစိုးရကနေ ခွင့်ပြုထားတဲ့ စီမံကိန်းတွေကို ဆက်လုပ်သွားမယ့် သဘောလို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

March 14, 2026
တူညီတဲ့ ဘုံသဘောထား ရပ်တည်ချက်တွေကို အခြေခံပြီး တော်လှန်ရေးကာလအတွက် မွန်ပြည်တော်လှန်ရေးပဋိညာဉ် (...
March 13, 2026
မွန်ပြည်နယ်မှာ စစ်ကော်မရှင်ရဲ့ စက်သုံးဆီ ကန့်သတ်ချက်အပါအဝင် လိုသလောက် ဝယ်ယူလို့မရတဲ့...
March 12, 2026
စက်သုံးဆီ အလုံအလောက် ရှိတယ်လို့ စစ်ကော်မရှင် ကြွေးကြော်ထားပေမယ့် မွန်ပြည်နယ်မှာ စက်သုံးဆီ...
March 11, 2026
ညောင်လေးပင် — အရပ်သားတွေကို ဦးတည်တဲ့ စစ်တပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေဟာ အခုနောက်ပိုင်း...