စစ်ကော်မရှင်မှ ရွေဈေးစံချိန်တင်မြင့်တက်နေစဉ်တွင် ရောင်းချဖွင့်လှစ်ထားသည့် ရွှေဆိုင်များကို စောင့်ကြည့်ခြင်း၊ ခေါ်ယူစစ်ဆေးခြင်းများ လုပ်ဆောင်နေသဖြင့် ရွှေလုပ်ငန်းရှင်များ သတိပြုရောင်းဝယ်နေရကြောင်း ဆိုသည်။
ပြည်တွင်းရွှေဈေး မတည်ငြိမ်စေရန် ရွှေတုံးရွှေခဲများကို ဝယ်ယူဖြန့်ဖြူးနေသည်ဆိုသည့် စွပ်စွဲချက်ဖြင့်လည်း ရွှေလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများကို ပြီးခဲ့သည့်ရက်ပိုင်းက ဖမ်းဆီးထိန်းသိမ်းခဲ့သည့်အပြင် လုပ်ငန်းရှင်များအနေဖြင့် ရွှေဈေးကွက်တည်ငြိမ်စေရေး ဝိုင်းဝန်းထိန်းသိမ်းရန်နှင့် မလိုက်နာသူများကို ထိရောက်စွာအရေးယူမည်ဟု ခြိမ်းခြောက်သတိပေးထားသည်။
လက်ရှိတွင် စစ်ကော်မရှင်မှ ၎င်းတို့သတ်မှတ်ထားသည့် ရွှေရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိမရှိကို လူလွှတ်စုံစမ်းစစ်ဆေးခိုင်းခြင်း၊ ပြင်ပပေါက်ဈေးအတိုင်း ရောင်းချမှုမျိုးတွေ့ရှိပါက သက်ဆိုင်ရာလုပ်ငန်းရှင်များကို ဆင့်ခေါ်စစ်ဆေးမေးမြန်းခြင်းများ လုပ်ဆောင်နေကြောင်း ရန်ကုန်ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
“ လူလွှတ်ပြီးတော့ ရွှေလာဝယ်သလို လုပ်ဆောင်နေတာမျိုးရှိတယ်၊ နားကပ်ဝယ်ခိုင်းတာပဲဖြစ်ဖြစ် နည်းနည်းပါးပါးဝယ်တဲ့သူဆိုရင် သတ်မှတ်ဈေးမဟုတ်ဘဲနဲ့ ပြင်ပပေါက်ဈေးကို ရောင်းပေးလိုက်မိတယ်၊ အဲ့တာကို မိတ္တူတွေကိုကူးပြီး ဘယ်ဆိုင်ကနေ ဝယ်ထားကြောင်း လာပြခိုင်းတယ်။ ဒဏ်ရိုက်၊ ငွေရှာတယ် မပေးလိုက်ရင်အမှုဖွင့်တို့ဘာတို့လုပ်ခံရတယ်။ ရန်ကုန်မှာတော့ ဆိုင်တော်တော်များများပိတ်ထားတယ်။ ” ဟု ပြောသည်။
ထို့ကြောင့် ရန်ကုန်မြို့ပေါ်ရွှေဆိုင်အများစု ဆိုင်ပိတ်သိမ်းထားကြောင်းနှင့် ဖွင့်လှစ်ထားသည့် ဆိုင်များမှလည်း ရွှေတုံးရွှေခဲ အရောင်းအဝယ်ရပ်နားထားရပြီး၊ တစ်နိုင်တစ်ပိုင်သာ ဖွင့်လှစ်ထားသည်ဟု ၎င်းကဆက်ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ ရွှေဆိုင်လုပ်ငန်းရှင်နှစ်ဦး ခေါ်ယူစစ်ဆေးပြီး ပြန်လည်လွှတ်ပေးခဲ့သည်။
လတ်တလောစောင့်ကြည့်ခံနေရသည့် အခြေအနေများကြောင့် အကြီးစားမဟုတ်သည့် ရွှေကုန်သည်များ လုပ်ငန်းလည်ပတ်ရန် ခက်ခဲနေသည်ဟုလည်း သံဖြူဇရပ်မှ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
“ နိုင်ငံရေးက မတည်ငြိမ်သေးဘူးဆိုတော့ စီးပွားရေးဘက်ကို ထိန်းညှိဖို့ မလွယ်သေးဘူး၊ အစက သူတို့ရွေးကောက်ပွဲနဲ့ ရှုပ်နေတုန်းကတော့ Free ဖွင့်ပေးထားတယ်၊ ငွေအင်အားနည်းတဲ့ အခြေခံစီးပွားရေး လုပ်သူတွေဆိုလည်ပတ်ဖို့ခက်သွားတယ်။ ရွှေလုပ်ငန်းကို စစ်တပ်နဲ့ ပေါင်းထားတဲ့ စီးပွားရေး ကုန်သည်ကြီးကြီးတွေကပဲ ရွှေဝယ်ထိန်းတယ် ဒေါ်လာတွေကို အကုန်ဝယ်ထိန်းတယ် ”ဟု ဆိုသည်။
၂၀၂၅ နှစ်ကုန်ပိုင်းနှင့် ၂၀၂၆ နှစ်ဆန်းပိုင်းအတွင်း ပြည်တွင်း ရွှေဈေးစံချိန်တင်တက်ခဲ့ခြင်းသည် အမေရိကန်ဒေါ်လာအပေါ် ယုံကြည်မှုလျော့ကျပြီး နိုင်ငံကြီးများ ကိုယ်တိုင်ရွှေဝယ်စုခြင်း၊ ကျပ်ငွေတန်ဖိုးကျခြင်းများကြောင့် ဖြစ်သည်ဟု ဈေးကွက်ကျွမ်းကျင်သူများက ပြောသည်။
စစ်တပ်က ရွှေနှင့် ဒေါ်လာဈေးတက်သည့်အချိန်တိုင်း လုပ်ငန်းရှင်များကို အပစ်ပုံချပြီး ဖမ်းဆီးသည့်နည်းဖြင့် ဈေးကျစေရေး လုပ်ဆောင်နေခြင်းနည်းလမ်းကိုပင် အစဉ်အဆက်ကျင့်သုံးနေသည်။ အဆိုပါ ဖမ်းဆီးထားသူ လုပ်ငန်းရှင်များမှလည်း လာဘ်ငွေသိန်းပေါင်းထောင်ချီ ရယူနေကြောင်း သိရသည်။
ရန်ကုန်ရွှေလုပ်ငန်းရှင်အသင်း၏ ဈေးကွက်အရ အခေါက်ရွှေတစ်ကျပ်သား စနစ်သစ်ဈေး ၆၉၀၀၀၀၀ သိန်းကျပ်နှင့် ၁၅ ပဲရည်တစ်ကျပ်သား ၆၄၉၅၀၀၀ ပေါက်ဈေးသတ်မှတ်ထားသော်လည်း ပြင်ပပေါက်ဈေးတွင် ၁၀၆၀၀,၀၀၀ ပေါက်ဈေးရှိနေပြီး အရောင်းဝယ်ပိတ်ထားဆဲဖြစ်သည်။







