ဝေဖန်မှုတွေ မြင့်တက်နေပေမယ့် မော်လမြိုင် တောင်ဝိုင်းတောင် ဖြိုချမှု မရပ်သေး

ဝေဖန်မှုတွေ မြင့်တက်နေပေမယ့် မော်လမြိုင် တောင်ဝိုင်းတောင် ဖြိုချမှု မရပ်သေး
ဓာတ်ပုံ-CJ
ဓာတ်ပုံ-CJ

မွန်ပြည်နယ် မော်လမြိုင်မြို့ရဲ့ အထင်ကရ နေရာတစ်ခု ဖြစ်တဲ့ တောင်ဝိုင်းတောင် ဖြိုချမှုအပေါ် ဒေသခံပြည်သူတွေအကြား ဝေဖန်မှုတွေ မြင့်တက်နေပေမယ့် စစ်ကော်မရှင်ဘက်က တောင်မြေဖြိုမှုကို ဆက်လက်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မော်လမြိုင် တောင်ဝိုင်းတောင် ဖြိုချမှုကြောင့် တောင်မြေပြိုတာ၊ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးအန္တရာယ်တွေနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှာကို ဒေသခံတွေက စိုးရိမ်ပြီး ဝေဖန်မှုတွေ လုပ်ဆောင်ပေမယ့် စစ်ကော်မရှင်ဘက်က တောင်မြေဖြိုမှုကို ဆက်လက်ခွင့်ပြုထားတာပါ။

စစ်ကော်မရှင်ဟာ တောင်ဝိုင်းတောင် ဖြိုချမှုက ရရှိလာတဲ့ မြေသားနဲ့ကျောက်တွေကိုတော့ မော်လမြိုင်မြို့မှာ ဖော်ဆောင်နေတဲ့ လှိုင်တိုးချဲ့ မြို့သစ် စီမံကိန်းနဲ့ မုဒုံမြို့အနီးရှိ လေဆိပ်သစ်စီမံကိန်းရဲ့ မြေဖို့တဲ့ လုပ်ငန်းတွေမှာ အသုံးပြုနေတာ ဖြစ်ပါတယ်။

စစ်ကော်မရှင်နဲ့ နီးစပ်သူတစ်ဦးကတော့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းရဲ့ ညွှန်ကြားချက်ကြောင့် မိုးမကျမီ လှိုင်တိုးချဲ့ မြို့သစ်စီမံကိန်း အမြန်ဆုံး ပြီးစီးဖို့အတွက် တောင်ဖြိုမှုတွေကို ဆက် တိုက်လုပ်ဆောင်နေတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“တောင်ဝိုင်းတောင်ရဲ့ မြေတူးတဲ့ လုပ်ငန်းကတော့ ဘယ်သူတွေဘာပဲပြောပြော ဆက်လုပ်နေတာပဲ။အခုဆို မြေတွေ ကျောက်တွေက ပိုလိုလာတယ်။ ဘာလို့ဆို မြို့သစ် စီမံကိန်းကို အရင်ကထက် ထပ်ချဲ့တော့ ပိုလိုတာပေါ့။ ဝန်ကြီးချုပ်ကလည်း မြန်မြန် ပြီးအောင် လုပ်ခိုင်းတော့ အရင်ကထက် စက်ပိုသုံး ရတယ်။ နောက်ပြီး မိုးမကျမီ လုပ်ရမှာလေ။ အဲတာကြောင့် အရင်ကထက် စက်တွေများများ သုံးပြီး လုပ်နေရတာ။ ဒီစီမံကိန်းတွေ မပြီးမချင်းတော့ လိုသလောက် ထုတ်နေဦးမှာပဲလို့ သိရတယ်”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ တောင်ဝိုင်းတောင်ကို အရင်ကထက် နေ့စဉ် စက်ယန္တရားကြီးတွေ အများအပြား အသုံးပြုပြီး ဖြိုချနေသလို မြေသည်ကားကြီးတွေလည်း ထပ်တိုးကာ တစ်ရက်ကို အခေါက်ရေ ရာနဲ့ချီ သယ်ဆောင်နေတယ်လို့ သူက ဆက်ပြောပါတယ်။

အခုလို မွန်ပြည်နယ် စစ်ကော်မရှင်က တောင်ဝိုင်းတောင်ကို ဖြိုချခွင့် ပြုထားတဲ့အတွက် အနီးအနားရှိ နေထိုင်သူတွေ အနေနဲ့ ရေရှားပါးတဲ့ ပြဿနာကို ကြုံတွေ့နေရတဲ့အပြင် မိုးတွင်းကာလ တောင်မြေပြိုကျမယ့် အန္တရာယ်တွေနဲ့ပါ ရင်ဆိုင် နေရတာပါ။

လတ်တလောမှာလည်း မြေသည်ကားကြီးတွေ သွားလာမှုကြောင့် လမ်းတွေ ပျက်စီးတာ၊ မြေသည်ကားကြီးတွေ ရမ်းသမ်းမောင်းနှင်မှုကြောင့် ယာဉ်အန္တရာယ်ရှိတာအပြင် ဖုန်မှုန့်တွေကြောင့် အသက်ရှူရ ခက်ခဲတာတွေ ကြုံတွေ့ နေရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

တောင်ဝိုင်းတောင် မြေဖြိုမှုနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၀ ရက်နေ့က ပြည်နယ် စစ်ကော်မရှင် လက်အောက်ခံ ဌာနပေါင်းစုံ ပါဝင်တဲ့အဖွဲ့က စစ်ဆေးမှုတွေ ဟန်ပြလောက်သာ လုပ် ဆောင်ခဲ့ပြီး လက်ရှိအချိန်ထိ ဘာမှ ထူးခြားလာတာ မရှိပါဘူး။

မွန်ပြည်နယ် စစ်ကော်မရှင်ဟာ တောင်ဝိုင်းတောင် မြေဖြိုချမှုနဲ့ ပတ်သက်ပြီး လူမှုကွန်ယက် စာ မျက်နှာ ဝေဖန်ရေးသားမှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် မော်လမြိုင်မြို့ သာသနာနွယ် ဖောင်ဒေးရှင်း ဆရာတော် အရှင် စန္ဒာဇောတိကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၇ ရက်နေ့မှာ ဖမ်းဆီးပြီး လူဝတ်လဲကာ အမှုဖွင့်အရေးယူထားပါတယ်။

July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...
July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...
July 9, 2026
နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် လက်ရှိတွင်...
 ဓါတ်ပုံ - MOI
July 8, 2026
နိုင်ငံရေးပါတီများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပြည်ထောင်စု...