ရခိုင်အဆိုတော် ကောင်းစံဟိဏ်း မလေးရှားတွင် UN ကတ်အတုပြုလုပ်မှုဖြင့် ထောင် ၁၃ နှစ်ကျော် ချမှတ်ခံရ

ရခိုင်အဆိုတော် ကောင်းစံဟိဏ်း မလေးရှားတွင် UN ကတ်အတုပြုလုပ်မှုဖြင့် ထောင် ၁၃ နှစ်ကျော် ချမှတ်ခံရ

(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း အမှုတွဲတစ်ခုတည်းဖြင့် အသီးသီးထောင်ချခံလိုက်ရ)

မောင်စာဂ — ရခိုင်အဆိုတော်ကောင်းစံဟိဏ်းသည် မလေးရှားနိုင်ငံတွင် ပုဒ်မ ၁၇ ခုဖြင့် ထောင်ဒဏ် ၁၃ နှစ်ကျော် ချမှတ်ခံလိုက်ရပြီး နောက်ထပ် ရခိုင်ဇနီးမောင်နှံနှစ်ဦးနှင့် ရခိုင်အဆိုတော် ဟိန်းစိုးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးသည်လည်း ထောင်ဒဏ်အသီးသီးချမှတ်ခံလိုက်ရသည်ဟု သူ၏မိတ်ဆွေများက နိရဉ္စရာကို ပြောသည်။

ထောင်ချခံလိုက်ရသူများမှာ ရခိုင်အဆိုတော်ကောင်းစံဟိဏ်း(ခေါ်) ဦးလှနိုင်(ခေါ်) ဦးဆန်းလွင် (၅၃)နှစ်၊ ကိုဇော်နိုင် (၃၁)နှစ်၊ ဇနီးဖြစ်သူ မခင်စောဝေ (၂၆)နှစ်၊ ရခိုင်အဆိုတော် ဟိန်းစိုးနှင့် မွတ်ဆလင်လူငယ် မူဟာမက် နူရ် ဟိုက်ရူလ် ဘိုရှာ(၁၈)နှစ်တို့ဖြစ်ကြသည်။

သူတို့သည် ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက်တွင် မလေးရှားနိုင်ငံ၊ မလက္ကာမြို့ရှိ အာယာကီရိုတရားရုံးတွင် ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းသို့ထောင်ဒဏ်ချမှတ်ရာတွင် ရခိုင်အဆိုတော်ကောင်းစံဟိဏ်း(ခေါ်) ဦးလှနိုင်(ခေါ်) ဦးဆန်းလွင်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)ကတ်အပါအဝင် နိုင်ငံကူးလက်မှတ်နှင့် စာရွက်စာတမ်းအတုများ ပြုလုပ်ပေးသည့်စွပ်စွဲချက်များအပါအဝင် ပုဒ်မ ၁၇ ခုဖြင့် ထောင်ဒဏ် ၁၃ နှစ်ကျော် ချမှတ်ခံခဲ့ရသည်ဟု ဆိုသည်။

အလားတူ ရခိုင်ဇနီးမောင်နှံဖြစ်သော ကိုဇော်နိုင်နှင့် ဇနီးဖြစ်သူ မခင်စောဝေတို့သည်လည်း နိုင်ငံကူးလက်မှတ်အတုနှင့် စာရွက်စာတမ်းအတု ကိုင်ဆောင်မှုဖြင့် ကိုဇော်နိုင်ကို ထောင်ဒဏ် ရှစ်လနှင့် မခင်စောဝေကို ထောင်ဒဏ် ခြောက်လစီ အသီးသီး ချမှတ်ခဲ့သည်။

ယင်းအပြင် နောက်ထပ် ရခိုင်အဆိုတော် ဟိန်းစိုးနှင့် အသက် ၁၈ နှစ်အရွယ် မွတ်ဆလင်လူငယ် မူဟာမက် နူရ် ဟိုက်ရူလ် ဘိုရှာတို့သည်လည်း ထောင်ဒဏ် ခြောက်လစီ အသီးသီး ချမှတ်ခံလိုက်ရသည်ဟု သူတို့၏ မိတ်ဆွေတစ်ဦးက နိရဉ္စရာကို ပြောသည်။

“လင်မယားတစ်တွဲဟာ အစ်ကိုကြီးကောင်းစံဟိဏ်းကို အကူအညီတောင်းလာတယ်တဲ့။ UN ကတ် အတုလုပ်ဖို့အတွက်လေ။ UN ကတ် အတုလုပ်ဖို့ တောင်းလာတော့ သူကလည်း စေတနာ၊ လူတွေက အမှန်အတိုင်းပြောရမယ်ဆိုရင် အစ်ကိုကြီး ကောင်းစံဟိဏ်းက ပရဟိတစိတ်ဓာတ်ရှိတယ်။ ကိုယ်တို့ရခိုင်သူ၊ ရခိုင်သားတွေအပေါ်မှာလည်း များသောအားဖြင့် စစ်ဘေးရှောင်တွေအပေါ်မှာလည်း အမြဲတမ်းကူညီပေးတယ်။ မလေးရှားမှာရှိတဲ့ ရခိုင်တွေကိုလည်း သူက များသောအားဖြင့် သူက အများရဲ့အကျိုးကိုငဲ့ပြီးတော့ ငွေကြေးကိုမကြည့်ဘဲ သူက ကူညီတတ်တဲ့အကျင့်ရှိပါတယ်။ အဲဒါတွေကိုလည်းကျနော်တို့က ကောင်းကောင်းကြီးသိတယ်။ ကျနော်တို့တွေအခက်အခဲဖြစ်နေတယ်လို့ မဟုတ်ဘူး။ ဘယ်သူ အခက်အခဲဖြစ်နေနေ သူက ကူညီတတ်တဲ့ဆန္ဒအပြည့်အဝရှိပါတယ်။ ငွေကြေးမပြည့်စုံနိုင်ရင်တောင်မှ စိတ်ဓာတ်ခွန်အားတွေနဲ့ အမြဲတမ်း ပေးနိုင်တဲ့အစ်ကိုကြီးတစ်ယောက်ပါ။ သူက အဲဒီပုံစံမျိုးနဲ့ အဲဒီလင်မယားကို ကူညီပေးလိုက်တော့ အဲဒါကို တစ်ခါတည်းနဲ့ အိမ်ကို ဝင်စီးပြီးတော့ ဖမ်းသွားတဲ့ပုံစံမျိုးပါ”ဟု ပြောသည်။

သူတို့သည် ပြီးခဲ့သည့် ၂ဝ၂၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် မလက္ကာတန်ဂါခရိုင်၊ တမန်မာလင်ဂျာယာ၊ ပန်ဆာပူရီ မာဝါ ၂ ရှိ အိမ်တစ်အိမ်တွင် UN ကတ်အတုပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ဒီဇင်ဘာလအတွင်းတွင် အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

ရခိုင်အဆိုတော်ကောင်းစံဟိဏ်းနှင့်ချိတ်ဆက်ဆောင်ရွက်ခဲ့သည့် မလေးရှားနိုင်ငံသား တရုတ်အမျိုးသားကိုလည်း အာဏာပိုင်က ဖမ်းဆီးခဲ့သော်လည်း နောက်ပိုင်း တရုတ်အမျိုးသားကို ပြန်လွှတ်ကာ ကိုကောင်းစံဟိဏ်းတို့ငါးဦးကို ထောင်ချလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ရခိုင်အဆိုတော်ကောင်းစံဟိဏ်းသည် ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်ဇာတိဖြစ်ပြီး အခြားသူများ၏ နေရပ်လိပ်စာကို မသိရသေးပါ။

ရခိုင်အဆိုတော်ကောင်းစံဟိဏ်းနှင့် ရခိုင်အဆိုတော်ဟိန်းစိုးတို့သည် ပရဟိတဆောင်ရွက်နေသူများဖြစ်ပြီး ရခိုင်ရှိ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူများဖြစ်ကြသည်ဟုလည်း သူတို့၏ မိတ်ဆွေများက ပြောကြသည်။

Most read this week

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...