မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင် ပဋိပက္ခကြားထဲတွင် သတင်းသမားများ လုံခြုံစွာ သတင်းရယူပိုင်ခွင့် ရရှိရန်နှင့် ဘေးကင်းလုံခြုံစွာ အကာကွယ်ရရှိရန်အတွက် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (Independent Press Council Myanmar – IPCM) က ဇန်နဝါရီလ ၁၉ ရက်တွင် ကြေညာချက် ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။
IPCM ၏ ပြောရေးဆိုခွင့်ရှိသူ ဦးတိုးဇော်လတ်က “စစ်အစိုးရကတော့ သတင်းလွတ်လပ်ခွင့် လုံးဝ မပေးဘူး။ သူတို့ကောင်းကြောင်းပဲ ရေးခိုင်းတယ်။ တော်လှန်ရေးအဖွဲ့ အုပ်ချုပ်တဲ့နယ်မြေမှာလည်း လိုအပ်သလောက် မရသေးပါဘူး။ တချို့နေရာတွေမှာ ပြဿနာတွေ ရှိနေပါသေးတယ်။ ဒါတွေက ဆက်ပြီးတော့ ညှိနှိုင်းဖြေရှင်းသွားရမှာပေါ့။ ဒါတွေက ကျနော်တို့အတွက် မဟုတ်ဘူး။ အထူးသဖြင့် ပဋိပက္ခဒေသမှာ ဘာတွေဖြစ်နေလဲ။ ပြည်သူတွေ သတင်းမှန်သိဖို့က ပိုအရေးကြီးပါတယ်။ အဲဒီအတွက် ကျနော်တို့ ဆက်လက် ညှိနှိုင်းလုပ်ဆောင်သွားမယ်လို့ ပြောပါရစေ။”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် အာဏာသိမ်း စစ်အုပ်စု ပြုလုပ်သည့် အထွေထွေရွေးကောက်ပွဲပြီးပါကလည်း သတင်းသမားများသည် သတင်းလွတ်လပ်မှု မရရှိသည့် အခင်းအကျင်းကို ဆက်လက် ဖြတ်ကျော်ရအုံးမည်ဖြစ်သည့်အတွက် သတင်းသမားများ အကာအကွယ်ရရှိရန် IPCM အနေဖြင့် ဆက်လက်လုပ်ဆောင်ရမည်ဖြစ်၍ တော်လှန် ရေးနယ်မြေအတွင်းရှိ တော်လှန်ရေးခေါင်းဆောင်များအနေဖြင့်လည်း အမြော်အမြင်ရှိစွာ ပူးပေါင်းဆောင် ရွက်စေလိုကြောင်းလည်း ဦးတိုးဇော်လတ်က ဖြည့်စွက်ပြောဆိုသည်။
၂၀၂၆ ဇန်နဝါရီလ ၁၇ ရက်နှင့် ၁၈ ရက်နေ့များတွင် ကျင်းပပြုလုပ်ခဲ့သည့် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ IPCM ၏ ဒုတိယအကြိမ် အထွေထွေညီလာခံအပြီးတွင် ပါဝင်တက်ရောက်ကြသူများက အချက် ၅ ချက် တိုက်တွန်းတောင်းဆိုခဲ့ကြသည်။
ထိုအထဲတွင် သတင်းသမားများ လုံခြုံရေး၊ အကာအကွယ်ရရှိရေး၊ လွတ်လပ်စွာ ထုတ်ဖော်ရေးသားပိုင်ခွင့် များကို လေးစားအသိအမှတ်ပြုရန်၊ မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော သတင်းမီဒီယာသမား (၂၇)ဦးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန်၊ သတင်းထောက်များကို ပစ်မှတ် ထားဖမ်းဆီးခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်းနှင့် ထောင်ဒဏ်ချမှတ်ခြင်းများကို ချက်ချင်း ရပ်တန့်ပေးရန်တို့အပြင် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် လွတ်လပ်သောမြန်မာသတင်းမီဒီယာများ ဆက်လက် ရှင်သန်ရေးနှင့် ရေရှည်ရပ်တည်နိုင်ရေးအတွက် ပံ့ပိုးကူညီပေးရန်တို့ ပါရှိသည်။
IPCM ညီလာခံ၏ တောင်းဆိုချက်အပေါ် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက “စာနယ်ဇင်းသတင်းလွတ်လပ်ခွင့် ဆိုတာက ပြည်သူလူထုတွေအားလုံး သိသင့်သိထိုက် တဲ့ အချက်အလက်တွေ ပေးနေတဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တာနဲ့အညီ အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခကြား မှာ အလုပ်လုပ်ရတဲ့အခါကျတော့ အန္တရာယ်က မကင်းဘူးပေါ့လေ။ ဒါပေမယ့် အပြန်အလှန် လေးစားသမှုနဲ့ သေသေချာချာ၊ လုံလုံခြုံခြုံ လုပ်သွားရမှာက အားလုံးမှာ တာဝန်ရှိကြတာပေါ့လေနော်။ လေးစားမှုရှိကြရင် ဘယ်လောက်ပဲ အန္တရာယ်ရှိနေကြပါစေ။ ဒီလိုမျိုး တစိုက်မတ်မတ်နဲ့ လုပ်သွားမယ်ဆိုရင်တော့ လွတ်လပ်တဲ့ စာနယ်ဇင်း၊ လွတ်လပ်တဲ့ သတင်းမီဒီယာဆိုတာ ပိုပြီးတော့ ရှင်သန်ရပ်တည်သွားနိုင်မယ်ဆိုတာ ယုံကြည်ပါ တယ်။”ဟု ကေအိုင်စီသို့ မှတ်ချက်ပြု ပြောဆိုသည်။
ညီလာခံတွင် IPCM ၏ ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်၊ (၂)နှစ်တာ လုပ်ငန်းစဉ်များကို အစီရင်ခံခြင်း၊ ဖွဲ့စည်းပုံကို ထပ်မံ အတည်ပြုခြင်း၊ ဌာနေတိုင်းရင်းသားဘာသာစကားနှင့် သတင်းမီဒီယာ၊ သတင်းမီဒီယာ လုပ်ငန်းခွင်အတွင်း နည်းမျိုးစုံဖြင့် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု တားဆီးကာကွယ်ရေးဆိုင်ရာမူဝါဒကို ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် ၂၀၂၅ အလွန် လွတ်လပ်သောသတင်းမီဒီယာအခန်းကဏ္ဍအတွက် “အနာဂတ် မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းသမားများ ဘေးကင်းလုံခြုံရေးနှင့် လွတ်လပ်သော သတင်းမီဒီယာများ ရှင်သန်ရေး၊ ရေရှည်တည်တံ့ရေး အလားအလာ” စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်ဟု IPCM ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းညီလာခံ၌ IPCM ၏ အလုပ်အမှုဆောင်ကော်မတီဝင်များအဖြစ် သတင်းဌာနကိုယ်စားပြု (၉)ဦး၊ အလွတ်တန်း သတင်းထောက် (၃)ဦးနှင့် သတင်းမီဒီယာကျွမ်းကျင်သူ (၂)ဦး စုစုပေါင်း (၁၄)ဦးတို့ကို တက် ရောက်သည့် IPCM အဖွဲ့ဝင်များက လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးကောက်တင်မြှောက်ခဲ့ကြသည်။
နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့သည့် IPCM ၏ ဒုတိယအကြိမ်မြောက် အထွေထွေညီလာခံသို့ IPCM အဖွဲ့ဝင် များ၊ မိတ်ဖက်သတင်းဌာနများ၊ မြန်မာသတင်းမီဒီယာအစုအဖွဲ့များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ် စားလှယ်များ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း ၎င်းတို့၏ ထုတ်ပြန်ကြေညာချက်အရ သိရ သည်။
မြန်မာသတင်းမီဒီယာ လွတ်လပ်ခွင့်မြှင့်တင်ရန်၊ သတင်းသမားများ၏ လုံခြုံရေးနှင့် အကာအကွယ်ရရှိရန်၊ ဒေသတွင်း၊ နိုင်ငံတကာ သတင်းမီဒီယာကောင်စီများနှင့် တရားဝင် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် IPCM ကို တရားဝင် ဖွဲ့စည်းခဲ့ပြီး ယခုအချိန်တွင် အဖွဲ့ဝင် သတင်းဌာန ၄၁ ဖွဲ့နှင့် အလွတ်တန်းအဖွဲ့ဝင် ၁၈ ဦးတို့ရှိသည်ဟု မှတ်တမ်းများအရ သိရသည်။







