ချင်း- စစ်ကိုင်းအစပ် ကလေးမြို့နယ်ထဲက စစ်ကော်မရှင်တပ်နှင့် ချင်းပူးပေါင်းတပ်တို့၏ လေးလတာ တိုက်ပွဲကာလအတွင်း CDF – KKG တပ်ဖွဲ့မှ အမျိုးသမီးရဲမေနှင့် ရဲဘော် ၁၂ ကျဆုံးသည်ဟု သိရသည်။
အောက်တိုဘာလ ၁၈ ရက်က ကလေးမြို့နယ်၊ မှန်တောနှင့် အောင်သာယာကျေးရွာဝန်းကျင်က တိုက်ပွဲများတွင် CDF – KKG ၏ တပ်ရင်း ၄ နှင့် တပ်ရင်း ၇ တို့မှ ရဲဘော် ၄ ဦးကျဆုံးခဲ့ရပြီး အောက်တိုဘာလ ၂၀ ရက်က လက်ပံချောင်းတိုက်ပွဲတွင် တပ်ရင်း ၁ တပ်စုမှူး ၁ ဦး၊ အောက်တိုဘာလ ၂၅ ရက်က အောင်သာယာရွာတိုက်ပွဲမှာ တပ်ရင်း ၂ ရဲဘော် ၁ ဦးတို့ ကျဆုံးရသည်ဟု သိရသည်။
တပ်ရင်း ၇ ရဲဘော် မှ Bawi Tuah Kim နှင့် ရဲဘော် Pum Luah Cin (ခ) Pum Lua ၊ တပ်ရင်း ၄ မှ ရဲဘော်ဖြိုးကိုအောင်၊ ရဲဘော် မင်းကို၊ တပ်ရင်း ၂ ရဲဘော် မောင်အေး (ခ) ရဲမာန် နှင့် တပ်ရင်း ၁ မှ တပ်စုမှူး Pu Lian Khem တို့ ကျဆုံးရခြင်းဖြစ်သည်။
နိုဝင်ဘာလ ၁၈ ရက် မှန်တောရွာတိုက်ပွဲတွင် တပ်ရင်း ၁ မှ ရဲဘော်ဇေယျာမျိုးနှင့် တပ်ရင်း ၃ မှ ရဲဘော် Bi Za Ting ကျဆုံးပြီး နိုဝင်ဘာလ ၁၉ ရက်နှင့် ၂၂ ရက်က မှန်တောရွာတိုက်ပွဲမှာပင် တပ်ရင်း ၄ မှ ရဲဘော် ကြယ်ဇင်ကျော်နှင့် ရဲဘော် ရန်လင်းအောင် တို့ ကျဆုံးရသည်ဟု သိရသည်။
ဒီဇင်ဘာလ ၁၈ ရက်တွင် တပ်ရင်း ၇ မှ ရဲမေ Dim Man Cing သည် ကျန်းမာရေး အခြေအနေကြောင့် ကျဆုံးခဲ့ရပြီး ယခုနှစ် ဇန်နဝါရီလ ၄ ရက် အနောက်တောလေးရွာ တိုက်ပွဲတွင် တပ်ရင်း ၅ မှ ရဲဘော် ရှိုင်းထက်စိုး (ခ) ပိန်သေး ကျဆုံးရသည်ဟု သိရသည်။
အဆိုပါ ရဲဘော်များသည် စစ်အာဏာရှင်ကို တိုက်ခိုက်ချေမှုန်းပြီး စစ်အာဏာရှင်စနစ် ပပျောက်ရေး၊ ပြည်သူလူထု ကာကွယ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် တိုက်ပွဲကာလများတွင် ကျဆုံးရခြင်းဖြစ်သည်ဟု သိရသည်။
တော်လှန်ရေးအတွက် ပေးဆပ်ခဲ့မှုအပေါ် CDF – KKG အနေဖြင့် အထူးလေးစား ဂုဏ်ပြုပါကြောင်းနှင့် ကျန်ရစ်သူမိသားစုနှင့်တကွ ထပ်တူထပ်မျှ ဝမ်းနည်းပါကြောင်း ကြေညာချက်များတွင် ဖော်ပြထားသည်။







