ချင်းမြောက်ပိုင်းဒေသနှင့် ကလေး-ဂန့်ဂေါဒေသ တိုက်ပွဲများတွင် စစ်ကော်မရှင်မှ ဗိုလ်မှူးအပါအဝင် ၁၅၀ ထက်မနည်း သေဆုံး

ချင်းမြောက်ပိုင်းဒေသနှင့် ကလေး-ဂန့်ဂေါဒေသ တိုက်ပွဲများတွင် စစ်ကော်မရှင်မှ ဗိုလ်မှူးအပါအဝင် ၁၅၀ ထက်မနည်း သေဆုံး

ချင်းပြည်နယ်မြောက်ပိုင်းဒေသ နှင့် ကလေး-ဂန့်ဂေါဒေသများတွင် စစ်ကော်မရှင်တပ်နှင့် ချင်းတော်လှန်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲများ တစ်လနီးပါး ဆက်လက်ပြင်းထန်နေရာ စစ်ကော်မရှင်တပ်မှ ဗိုလ်မှူးအပါအဝင် တပ်ဖွဲ့ဝင် ၁၅၀ ထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်းများကိုလည်း ဖမ်းဆီးရမိထားသည်ဟု ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

“အခုလက်ရှိ အခြေအနေ ဒီနေ့အထိပေါ့၊၊ နေ့စဉ်နဲ့အမျှ တိုက်ပွဲ ဖြစ်နေတာပါ။ တိုက်ပွဲက ဘယ်လိုဆက်ဖြစ်မလဲ ဆိုတာက ကျနော်တို့က နားမှာ‌တော့ မဟုတ်ပါဘူး။ မရမက တိုက်ထုတ်သွားမှာပါ။ ရန်သူဘက်ကလည်း လေယာဉ်တွေ အလွန်အကျွံ သုံးတဲ့ဟာတွေ အခုတလော ရှိတယ်။ ဒရုန်း၊ လေယာဉ် Y 12 တွေနဲ့ ကျနော်တို့ကို ဗုံးလာကြဲတာတွေ တော်တော်လေးတော့ များတယ်။ ကျနော်တို့ကတော့ ခုခံနိုင်သလောက် ခုခံပြီး ဆက်လက် တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်” ဟု ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးတာဝန်ခံ Salai Nai John Kim က ပြောသည်။

စစ်ကော်မရှင်တပ်သည် လေကြောင်းနှင့် ဒရုန်းများကို အဓိက အားပြု၍ ထိုးစစ်ဆင် တိုက်ခိုက်နေသော်လည်း နိုဝင်ဘာလ ၁၈ ရက်မှ ၂၂ ရက်၏ ၅ ရက်တာ တိုက်ပွဲများအတွင်း စစ်ကော်မရှင်မှ အင်အား ၅၀ ခန့် သေဆုံးသည်ဟု ချင်းပြည်အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနက နိုဝင်ဘာလ ၂၂ ရက်နေ့က ထုတ်ပြန်သည်။

စစ်ကော်မရှင်သည် ဒဏ်ရာရသူများကို Mi – 17 ဖြင့် သယ်ထုတ်သွားကြောင်း၊ တော်လှန်ရေး ပူးပေါင်းတပ်သည် စစ်သုံ့ပန်း တချို့ကို ထပ်မံ ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိကြောင်း၊ ဒရုန်းတချို့ကိုလည်း ပစ်ချနိုင်ခဲ့သည်ဟု သိရသည်။

ကလေးမြို့နှင့် ဂန့်ဂေါမြို့အကြားက တိုက်ပွဲများတွင် နိုဝင်ဘာလ ၁၈ ရက်က ဂျက်ဖိုက်တာဖြင် ဗုံး ၈ လုံး၊ Y – 12 ဖြင့် ဗုံး ၁၅၀ ကျော်၊ နိုဝင်ဘာလ ၁၉ ရက်က ဂျက်ဖိုက်တာဖြင့် ၁ ကြိမ်၊ နိုဝင်ဘာလ ၂၂ ရက်က Y – 12 ဖြင့် ဗုံး ၆၀ ကျော် အသုံးပြု၍ လေကြောင်းတိုက်ခိုက်သည်ဟု သိရသည်။

ဖလမ်း - ဝေဘူလအကြား တိုက်ပွဲများနှင့် တီးတိန် - ခိုင်ကမ်းအကြား တိုက်ပွဲများတွင် နိုဝင်ဘာလ ၂၂ ရက်က စစ် ကော်မရှင်သည် ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သည်ဟု သိရသည်။

နိုဝင်ဘာလဆန်းပိုင်းမှ ၁၈ ရက်အထိ ကလေး၊ ဂန့်ဂေါ၊ ဖလမ်း၊ တီးတိန်မြို့က တိုက်ပွဲများတွင်လည်း စစ်ကော်မရှင် တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့်များ အပါအဝင် တပ်ဖွဲ့ဝင် ၁၀၀ ခန့် သေဆုံးပြီး စစ်သုံ့ပန်းတချို့ကို ဖမ်းဆီးရမိကြောင်း၊ လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိကြောင်း ချင်းကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်သည်။

ယင်းတိုက်ပွဲများတွင်လည်း စစ်ကော်မရှင်တပ်သည် ဂျက်ဖိုက်တာ၊ Y – 12 လေယာဉ်၊ ဒရုန်းတို့ကို အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန်ပြုလုပ်ခဲ့သည်ဟု သိရသည်။

ချင်းပြည်နယ်မြောက်ပိုင်းကို စစ်ကော်မရှင်တပ်သည် အောက်တိုဘာလကုန်ပိုင်းမှ စတင်၍ တီးတိန်မှ သိုင်းငင်းတို့ အင်အားရာချီ စစ်ကြောင်း ၁ ကြောင်း၊ ကလေး -တီးတိန်လမ်းအတိုင်း သိုင်းငင်းတို့ အင်အားရာချီ စစ်ကြောင်း ၁ ကြောင်း၊ ဝေဘူလမှ ဖလမ်းမြို့ကို ဦးတည်သော အင်အားရာချီ စစ်ကြောင်း ၁ ကြောင်း၊ စုစုပေါင်း စစ်ကြောင်း ၃ ကြောင်းဖြင့် လေကြောင်းနှင့် ဒရုန်းပစ်ကူအများအပြား အသုံးပြ၍ အပြင်းအထန်ထိုးစစ်ဆင်နေသည်ဟု သိရသည်။

တော်လှန်ရေးပူးပေါင်းတပ်မှလည်း ကျဆုံးမှု တချို့နှင့် ထိခိုက်ဒဏ်ရာ ရရှိမှုများလည်း ရှိနေသည်ဟု စစ်ရေးသတင်း ရင်းမြစ်များထံမှ သိရသည်။

ယင်းထိုးစစ်များကြောင့် သိုင်းငင်း၊ ဝေဘူလ၊ ကနေဒီတောင်တို့ကို တော်လှန်ရေး ပူးပေါင်းတပ်များ လက်လွှတ်ခဲ့ ရသော်လည်း နိုဝင်ဘာလ ၁၈ ရက်က ကနေဒီတောင်ကို ချင်းတော်လှန်ရေးတပ်ဖွဲ့က ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

တော်လှန်ရေး ပူးပေါင်းတပ်များသည် ချင်းတောင်ပေါ် တက်လာသော စစ်ကော်မရှင်တပ်များကို တိုက်ခိုက်နေသကဲ့သို့ ချင်း - စစ်ကိုင်း - မကွေး အစပ်က စစ်ကော်မရှင် အထိုင်ချစခန်းများကိုလည်း ပြန်လည် သိမ်းနိုင်ရေး ဆောင်ရွက်နေသည်ဟု သိရသည်။

ကလေးမြို့ နှင့် ဂန့်ဂေါမြို့အကြားတွင် ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဌာန၏ စစ်ကြောင်း ၁ သည် Vakok PDF ၊ ကျောင်းသားတပ်မတော် (ABSDF) ၊ PDF ခရိုင်တပ်ရင်းများ၊ ပကဖများ၊ Kalay Revolution Force (KRF)၊ Ranger Kalay Defense Force (RKDF)၊ Yaw Defense Force (YDF) စသည့် မဟာမိတ်အဖွဲ့များနှင့် ပူးပေါင်း တိုက်ခိုက်နေသည်ဟု သိရသည်။

ဖလမ်း - ဝေဘူလမြို့အကြားနှင့် တီးတိန် - ခိုင်ကမ်းမြို့အကြားရှိ တိုက်ပွဲများတွင် ချင်းပြည်အစိုးရ၏ စစ်ကြောင်း ၂ သည် ချင်းညီနောင်အဖွဲ့ဝင်ဖြစ်သော ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ၊ PDF – Zoland တို့အပြင် Kalay Revolution Force (KRF) နှင့် ပူးပေါင်း၍ စစ်ကော်မရှင်တပ်ကို တိုက်ခိုက်နေသည်ဟု သိရသည်။



photo credit - တော်လှန်ရေးတပ်ဖွဲ့

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...