လားရှိုး- မိုင်းရယ်ကြား ဈေးဆိုင်ဆိုင်းဘုတ်များ တရုတ်စာထည့်ရန် MNDAA ညွှန်ကြား

လားရှိုး- မိုင်းရယ်ကြား ဈေးဆိုင်ဆိုင်းဘုတ်များ တရုတ်စာထည့်ရန် MNDAA ညွှန်ကြား

သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်ဆိုင်းဘုတ်များကို မြန်မာစာ၊ သျှမ်းစာအပြင် တရုတ်စာပါ မဖြစ်မနေ ထည့်သွင်းရေးသားရန် ကိုးကန့်တပ်ဖွဲ့ MNDAA က ညွှန်ကြားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက်ရှိ နမ့်ပေါင်၊ ဟိုယကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ နိုင်ဝင်ဘာ ၂၃ ရက်နေ့ ယမန်နေ့က အစည်းအဝေး ခေါ်ယူခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ဈေးဆိုင်ဆိုင်းဘုတ်များကို မြန်မာစာ၊ သျှမ်းစာနှင့်အတူ တရုတ်စာပါ မဖြစ်မနေ ထည့်သွင်းရေးသားရန် MNDAA တာဝန်ရှိသူများက ပြောဆိုခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူများထံမှ သိရသည်။

“လွယ်ငင်းရွာမှာ ကိုးကန့်ဘက်က အစည်းအဝေးခေါပြီး ဆိုင်းဘုတ်တွေကို ဗမာစာ အပေါ်က၊ တရုတ်စာ အလယ်က ပြီးတော့ သျှမ်းစာကို အောက်က အဲဒီလိုမရေးရင် ဆိုင်ပိတ်မယ်လို့ ပြောတယ်။ ဈေးဆိုင်တွေကို လိုင်စင်လုပ်ပေးပြီး အခွန်ကောက်မယ်၊ ၃ ရက်အတွင်း အပြီးလုပ်ခိုင်းနေတာ” – ဟု မိုင်းရယ်မြို့နယ် ဟိုယဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုး-မိုင်းရယ်ကြားတွင် နမ္မဗောဒ၊ နမ့်ပေါင်၊ ဟိုယ စသည်ဖြင့် ဈေးများရှိပြီး ယင်းမတိုင်မီ နိုဝင်ဘာလ (၁၄) ရက်တွင် ဟိုယကျေးရွာအုပ်စုရှိ ဆိုင်ရှင်များကို ၁၂ မိုင်ခန့် ကွာဝေးသည့် လွယ်ငင်းကျေးရွာတွင် ခေါ်ယူကာ မြန်မာစာနှင့် သျှမ်းစာဖြင့် ရေးသားထားသည့် ဆိုင်းဘုတ်များ တပ်ဆင်ရန် ပြောဆိုခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သို့သော် ယမန်နေ့တွင် ဈေးဆိုင်ဆိုင်းဘုတ်များ၌ တရုတ်စာပါ ထည့်သွင်းရေးသားရန် ထပ်မံညွှန်ကြားခဲ့ရာ ဆိုင်းဘုတ်အသစ် ထပ်မံပြုလုပ်ရပြီး စရိတ် နှစ်ခါ ကုန်ကျနေရခြင်းကြောင့် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ဈေးဆိုင်ပိုင်ရှင်များက ပြောသည်။

ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းမှ စတင်ပြီး MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့ပေါ်ရှိ ဈေးဆိုင်များတွင် အသစ်ပြုလုပ်မည့် ဗီနိုင်းဆိုင်းဘုတ်များကို အင်္ဂလိပ်စာ အသုံးပြုခွင့် ကန့်သတ်တားမြစ်လိုက်ပြီး မြန်မာစာ၊ သျှမ်းစာ အသုံးပြုလိုပါက တရုတ်စာလည်း ထည့်သွင်းရေးသားရမည်ဟု MNDAA အရာရှိများက ပြောဆိုခဲ့ကြောင်း သိန္နီဒေသခံများထံမှ သိရသည်။

လက်ရှိတွင် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားတွင် နေရာယူတပ်စွဲထားသည့် ကိုးကန့်တပ်များမှာ နေရာ ပြောင်းရွှေ့ ဆုတ်ခွာခြင်း မရှိသည့်အပြင် စစ်ကောင်စီတပ်နှင့် စစ်ရေးတင်းမာမှု မရှိဘဲ မူလအတိုင်း စစ်ဆေးရေးဂိတ် ဖွင့်လှစ်ကာ သွားလာလှုပ်ရှားနေကြောင်း ဒေသခံများထံမှ သိရသည်။

“လားရှိုးမြို့ရှောင်လမ်းကနေ ဟိုယအထိက ဘာမှ ပြောင်းလဲမှု မရှိသေးဘူး။ စစ်ရေးကတော့ တင်းမာနေတာမျိုး မရှိဘူး။ ကိုးကန့်တပ်ဆုတ်တယ် ဆိုတာလည်း မဟုတ်ဘူး၊ နဂိုအတိုင်း ရှိသေးတယ်။ စစ်တပ်ဘက်က ကိုးကန့်ဂိတ် ဖြတ်ဖို့ လူစာရင်း ပေးရတာ၊ ကားစစ်ခံရတာ အရင်လို ရှိတုန်းပဲ” – ဟု လားရှိုး-မိုင်းရယ် ပြေးဆွဲနေသည့် ယာဉ်မောင်းအမျိုးသားတစ်ဦးက ပြောသည်။

အခြားတစ်ဖက်တွင် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာရှိ စစ်ကောင်စီဂိတ်တွင် တရုတ်နယ်စပ်မှတစ်ဆင့် တင်သွင်းလာပြီး ညီနောင်မဟာမိတ် ထိန်းချုပ်ဒေသများကို ဖြတ်သန်းလာသည့် တရုတ်ထုတ်ကုန်များကို အတင်းအကြပ် စစ်ဆေးကာ သယ်ယူခွင့်မပြုကြောင်း ကုန်သည်များထံမှ သိရသည်။

“ကုန်ကတော့ တကယ် တားထားတယ်၊ လုံးဝ ပေးမဖြတ်ဘူး။ ဟိုယမှာရှိတဲ့ စစ်တပ်ဂိတ်က ကြွပ်ကြွပ်အိတ်မှာ တရုတ်စာ ပါရင်တောင် ပြန်လဲခိုင်းပြီးမှ ပေးယူတာ၊ ဒါတောင်မှ ဒေသခံ ဈေးသွားဝယ်လာတာ။ ကား၊ ဆိုင်ကယ်နဲ့ သယ်လာရင် လုံးဝကို မရဘူး။ အဝတ်အထည်၊ အစားအသောက်ဆို တရုတ်စာပါတာနဲ့ ပေးမဖြတ်တော့ဘူး၊ အကုန်သွန်ချခိုင်းတာ” – ဟု အဆိုပါ ယာဉ်မောင်းအမျိုးသားက ထပ်လောင်း ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ဒုတိယပတ်မှ စတင်ပြီး လားရှိုးမြို့နှင့် သီပေါမြို့ကြားရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ဆုတ်ခွာပေးရန် စစ်ကောင်စီတပ်က ဖိအားပေးမှုကြောင့် နှစ်ဖက်စစ်ရေး ပြန်လည်တင်းမာလာပြီး အပြန်အလှန် လမ်းပိတ်ဆို့မှုများကြောင့် ပြည်သူများ သွားလာရေး ခက်ခဲနေသည်။

သီပေါမြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်ကောင်စီတပ်သည် MNDAA နှင့် နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် သီပေါတံတားကြီးကို နိုဝင်ဘာလ ၁၄ ရက်မှ စတင်၍ နှစ်ပတ်နီးပါးအကြာ ယာဉ်ဖြတ်သန်းသွားလာခွင့် ပိတ်ထားခဲ့ပြီး ယနေ့အထိ ပြန်လည်ဖွင့်လှစ်ပေးခြင်း မရှိသေးကြောင်း မန္တလေး-လားရှိုး ခရီးစဉ် ပြေးဆွဲနေသည့် ယာဉ်မောင်းများထံမှ သိရသည်။

Photo credit - CJ
December 4, 2025
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့်...
December 3, 2025
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာခဲ့ပြီးနောက် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည်...
December 1, 2025
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/...