ရွေးကောက်ပွဲအလွန် အင်တာနက်ဆိုင်ရာ ကန့်သတ်မှုတွေ ဆက်လုပ်ဖို့ ကြံ့ခိုင်ရေးပါတီ စီစဉ်

ရွေးကောက်ပွဲအလွန် အင်တာနက်ဆိုင်ရာ ကန့်သတ်မှုတွေ ဆက်လုပ်ဖို့ ကြံ့ခိုင်ရေးပါတီ စီစဉ်
Photo credit - USDP
Photo credit - USDP

စစ်ကော်မရှင် ဦး‌ဆောင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ အတိုက်အခံ အင်အားကြီး ပါတီမရှိဘဲ ဝင်ပြိုင်မယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP က အင်တာနက်ဆိုင်ရာ အစီအစဉ်တစ်ရပ်ကို နိုဝင်ဘာ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ USDP ပါတီရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းထဲမှာ အင်တာနက်နဲ့ ပတ်သက်ပြီး လက်ရှိအခြေအနေအရ မဖြစ်မနေ အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်အဖြစ် ဖော်ပြထားတာပါ။

ရွေးကောက်ပွဲကြေညာစာရမ်းအရ သိပ္ပံနဲ့ နည်းပညာကဏ္ဍမှာ အင်တာနက်လုံခြုံရေးနဲ့ ပုဂ္ဂလိက ကိုယ်ရေးအချက်အလက် ကာကွယ်ရေးတို့အတွက် လိုအပ်တဲ့ ဥပဒေတွေ ပြဌာန်းဆောင်ရွက်မယ်ဆိုတဲ့အချက်ကို ထည့်သွင်းထားတာ တွေ့ရပါတယ်။

လေ့လာသူတွေကတော့ မြန်မာပြည်သူတွေရဲ့ လွတ်လပ်စွာ ပြောဆိုထုတ်ဖော်ရေးသားခွင့်တွေ ဟောပြောခွင့်တွေ သတင်းစားသုံးခွင့်တွေအပါအဝင် နည်းပညာဆိုင်ရာ ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို ရေရှည် ထိန်းချုပ်မယ့် အစီအစဉ်လို့ ဝေဖန်နေကြတာပါ။

လာမယ့် နှစ်ကုန်ပိုင်းနဲ့ နောက်နှစ်ဆန်းပိုင်းအတွင်း ကျင်းပမယ့် ရွေးကောက်ပွဲမှာ USDP ပါတီက နိုင်ငံတဝန်း ကိုယ်စားလှယ်လောင်းအများဆုံးနဲ့ ဝင်ပြိုင်မှာဖြစ်ပြီး အငြိမ်းစား စစ်ဗိုလ်အရာရှိတွေလည်း အဲဒီပါတီကနေ ဝင်ရောက်အရွေးခံဖို့ ရှိနေပါတယ်။

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ပရိုဂရမ်ဒါရိုက်တာ နိုင်အဲမွန်က လာမယ့် ရွေးကောက်ပွဲမှာ USDP ပါတီက နိုင်မယ်လို့ တွက်ချက်ထားတဲ့အတွက် အစိုးရဖွဲ့နိုင်ပြီဆိုရင် ဆက်သွယ်ရေးဆိုင်ရာ နည်းပညာတွေကို ဥပဒေနဲ့ ဖိနှိပ်မယ့် သဘောလို့ သုံးသပ်ပါတယ်။

“အခုလိုမျိုး လွတ်လပ်စွာ သတင်းစီးဆင်းနေခွင့်တွေကို သိပ်ဖြတ်တောက်ချင်တာ။ဒါကြောင့်မို့ သူတို့ နိုင်မယ်လို့ ကြိမ်းသေတွက်ထားတဲ့ အခုလို ရွေးကောက်ပွဲကာလ အထူးသဖြင့် ရွေးကောက်ပွဲအလွန်ကာလမှာ သူတို့ အစိုးရသစ်တွေ ဖွဲ့နိုင်ပြီဆိုလို့ ရှိရင် တိုင်းပြည်ကြီးကို အမှောင်တိုက်ထဲ ပြန်သွင်းမယ့် နည်းဥပဒေတွေ ဥပဒေတွေကို ပြဌာန်းပြီး ဆက်သွယ်ရေးဆိုင်ရာနဲ့ နည်းပညာဆိုင်ရာ ဖိနှိပ်မှုကိစ္စတွေကို သေချာအောင် လုပ်မယ့် သဘောတော့ ရှိတယ်။ဒါ ရေရှည်ကို ဖိနှိပ်မယ့် စစ်ကျွန်သွင်းမယ့် သဘောရှိတဲ့အတွက် အင်မတန်မှကို စိုးရိမ်စရာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် ၂၄ နာရီ စောင့်ကြည့်ခံရမယ့် စနစ်အောက်မှာ ခြေရာခံရမှုတွေ မတရားဖမ်းဆီးခံရမှုတွေ ညှင်းပန်းနှိပ်စက်မှုတွေ သတ်ဖြတ်ခံရမှုတွေနဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရမှုတွေအထိ မြန်မာပြည်သူတွေအတွက် အကျိုးမရှိတဲ့ လုပ်ရပ်လို့ သူက မှတ်ချက်ပြုပါတယ်။

တစ်ဘက်မှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက အင်တာနက်ပေါ်က သတင်းတွေကို တန်ပြန်ဖို့နဲ့ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတာတွေကို တားမြစ်အရေးယူနိုင်ဖို့ အင်တာနက်အသုံးပြုမှု ၂၄ နာရီစောင့်ကြည့်ဖို့ ကော်မတီတစ်ရပ် ဖွဲ့စည်းထားတာပါ။

USDP ပါတီရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းမှာလည်း နိုင်ငံအတွင်း လိုအပ်ချက်တွေကို ဖြေရှင်းပေးနိုင်တဲ့ Software တွေနဲ့ Application တွေ ဖန်တီးနိုင်အောင် အားပေးဆောင်ရွက်မယ်ဆိုတဲ့အချက်ကို ထည့်သွင်းထားပါသေးတယ်။

လေ့လာသူတွေကတော့ စစ်တပ်အားကိုးနေတဲ့ တရုတ်နိုင်ငံလိုမျိုး သီးခြားပြဌာန်းထားတဲ့ ဆိုရှယ်ပလက်ဖောင်းတွေကိုသာ သုံးစွဲခွင့်ပြုပြီး အစိုးရကို ဝေဖန်ရေးသားတာတွေ ထုတ်ဖော်ပြောဆိုတာတွေ မလုပ်နိုင်‌အောင် USDP က တစ်သွေမတိမ်း နောက်ကနေ လိုက်လုပ်တာလို့ သုံးသပ်ကြပါတယ်။

ဒါ့အပြင် အင်တာနက်ကို ထိန်းချုပ်ဖို့ ရွေးကောက်ပွဲကြေညာစာတမ်းမှာ ထည့်သွင်းဖော်ပြမှုဟာ စစ်တပ်ရဲ့ လက်ကိုင်တုတ်အဖြစ် အမည်တပ်ခံရတဲ့ USDP ပါတီအနေနဲ့ အာဏာရှင်ရဲ့ ပလ္လင်ကို ကာကွယ်ဖို့ လုပ်ဆောင်ချက်တစ်ခုလို့ ဝေဖန်ထားကြတာပါ။

ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ မြန်မာပြည်သူတွေကတော့ ဘယ်လိုမျိုး မတရားမှုကို မဆို ဆက်ပြီး တော်လှန်နေဦးမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော့်အနေနဲ့ကတော့ ဒါက အာဏာရှင်ရဲ့ အာဏာပလ္လင်ကို ကာကွယ်ဖို့ သူတို့ (USDP) လုပ်နေတဲ့ အလုပ်ဖြစ်တယ်။အောင်မြင်မှုတော့ ရမှာ မဟုတ်ဘူး။တော်လှန်နေတဲ့ မြန်မာပြည်သူတွေကတော့ နည်းပညာ

အကူအညီနဲ့ ဘယ်လိုမျိုးမဆို မတရားတဲ့ စစ်အာဏာရှင်ကို ဆက်ပြီး တော်လှန်နေဦးမှာပဲ။ ရွေးကောက်ပွဲ

ပြီးသွားလို့ ကြံ့ခိုင်ရေးအစိုးရက လုပ်လာတဲ့ အင်တာနက်လုံခြုံရေး ပုဂ္ဂလိက ကိုယ်‌ရေးကိုယ်တာ လုံခြုံရေးတို့ အချက်အလက်ကာကွယ်ရေးတို့ဆိုတာကလည်း တကယ်တမ်းကျတော့ အစိုးရ စစ်တပ်နဲ့ အာဏာရှင်ကို ဆန့်ကျင်တဲ့ သူတွေရဲ့ လုပ်ဆောင်ချက်တွေကို တားဆီးကန့်သတ်ဖို့သာ ဖြစ်တယ်။ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ တားဆီးဖို့ ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်တဲ့ လုပ်ဆောင်ချက် မဟုတ်ပါဘူး”လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းချိန်ကစပြီး ဒီကနေ့အထိ အင်တာနက်ဆိုင်ရာ ကန့်သတ်ထိန်းချုပ်မှုတွေကို စစ်ကော်မရှင်က ဥပဒေတွေ နည်းဥပဒေတွေ ပြဌာန်းပြီး သတင်းအမှောင်ချဖို့ ဖိနှိပ်ပိတ်ပင်မှုတွေ ဆက်တိုက် လုပ်ဆောင်လာနေတာပါ။

ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Facebook ကို အာဏာသိမ်းပြီးကတည်းက ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာတွေနဲ့ အင်တာနက်ကွန်ရက် ကုမ္ပဏီတွေကို စစ်ကော်မရှင်က ဖိအားပေးပြီး ပိတ်သိမ်းခိုင်းခဲ့တာ ဒီကနေ့အထိ ဖြစ်ပါတယ်။

ပြည်တွင်းနေထိုင်သူတွေဟာ လူမှုစီးပွားအပါအဝင် သတင်းစီးဆင်းမှုနဲ့ သတင်းအချက်အလက်သိပိုင်ခွင့်အတွက် Facebook ကို Virtual Private Network လို့ ခေါ် တဲ့ VPN နဲ့ တစ်ဆင့်ခံပြီး အသုံးပြုနေရတာ ငါးနှစ်နီးပါး ရှိလာနေပါပြီ။

ဒီအပေါ် စစ်ကော်မရှင်က သတင်းအချက်အလက်တွေကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ဖို့နဲ့ ဆိုက်ဘာအလွဲသုံးပြီး နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ တည်ငြိမ်မှုကို ကာကွယ်ဖို့ အကြောင်းပြကာ ဆိုက်ဘာလုံခြုံရေးဥပဒေကို ပြဌာန်းပြီး အသက်သွင်းထားတာပါ။

အာဏာသိမ်းမှုအတွင်း လူမှုကွန်ယက်တွေပေါ်မှာ စစ်ကော်မရှင်ကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ထောက်ခံအားပေးတဲ့ ရေးသားပြောဆိုမှုတွေကြောင့် ဖမ်းဆီးခံရသူ ၁၉၉၃ ဦးအထိ ရှိခဲ့တယ်လို့ Data For Myanmar က ထုတ်ပြန်ထားပါတယ်။

Most read this week

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...